ရုရှလုပ် S-400 ဒုံးစနစ်ကို မဝယ်ပါက ဆီးရီးယားမှာ တူရကီကို အကူအညီပေးမယ်လို့ အမေရိကန် ပြေ


တူရကီအနေနဲ့ ရုရှလုပ် S-400 လေကြောင်းရန်ကာစနစ်ကို ငြင်းပယ်ပါက ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အီဒလစ်ပြည်နယ်အရေးမှာ အကူအညီပေးသွားဖို့ အသင့်ရှိနေတယ်လို့ နေတိုးဆိုင်ရာ အမေရိကန် အမျိုသမီး သံအမတ် ကေးဘေးလေးက ပြောပါတယ်။ တယ်လီကွန်ဖရင့်ကတစ်ဆင့် သတင်းထောက်တွေကို ပြောရာမှာ ကေးဘေးလေးက “တူရကီကို ကူညီပေးသွားနိုင်ဖို့ ကျွန်မတို့ မျှော်လင့်တယ်။ ဒီလိုပဲ တူရကီအနေနဲ့လည်း ရုရှရဲ့ ဒုံးကာစနစ်ကို မဖြန့်ကြက်သွားဘူးလို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒါဆိုရင် ဆီးရီးယားက တိုက်ပွဲတွေမှာ တူရကီကို ကျွန်မတို့ အကူအညီ ပေးသွားနိုင်ပါတယ်။”လို့ အီဒလစ်ပြည်နယ်က တိုက်ပွဲတွေရဲ့ အန္တရာယ်နဲ့ တူရကီက နေတိုးနဲ့ အမေရိကန် ထောက်ပံ့ဖို့ တောင်းဆိုတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းတာကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဘယ်လို အကူအညီမျိုးဆိုတာကိုတော့ ကေးဘေးလေးက အသေးစိတ် မပြောပေမယ့် “အီဒလစ်ပြည်နယ်မှာ အရပ်သားတွေကို ကာကွယ်ပေးနိုင်တဲ့ နယ်မြေဧရိယာ ကျွန်မတို့ လိုချင်တယ်။ တူရကီ စစ်သားတွေလည်း ဒါကိုပဲ လိုလားတာ ဖြစ်တယ်။ ဆီးရီးယား ဘာရှာအာဆတ်အစိုးရက ရုရှရဲ့ အထောက်အပံ့နဲ့ အပြစ်မဲ့ပြည်သူတွေ၊ အရပ်သားတွေကို သတ်ဖြတ်နေတယ်။”လို့ ၎င်းက ပြောပါတယ်။
“တူရကီဟာ ရုရှနဲ့ ဆီးရီးယားရဲ့ ရန်လိုမှုတွေရဲ့ သားကောင်ဖြစ်နေတယ်။ ကျွန်မတို့အနေနဲ့ တူရကီနိုင်ငံတွင်းမှာ S-400 ဒုံးကာစနစ် မဖြန့်ကြက်ဖို့ကို မျှေ်လင့်နေပါတယ်။ ဆီးရီးယားနဲ့ အရပ်သားတွေကို ကာကွယ်ရေးမှာ တူရကီက ကျွန်မတို့ကို အခွင့်အရေး ပေးမှာကို မျှော်လင့်နေပါတယ်။”လို့ ၎င်းက ပြောပါတယ်။နေတိုးအဖွဲ့ဝင် တူရကီဟာ ရုရှရဲ့ S-400 ဒုံးကာစနစ် ဝယ်တာကြောင့် ဆီးရီးယား၊ အီဒလစ်ပြည်နယ်မှာ တူရကီကို အမေရိကန်က ကူညီဖို့ မရှိဘူးလို့ ဆီးရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဂျိမ်းဂျက်ဖရီက ပြီးခဲ့တဲ့လက ပြောထားပါတယ်။
တူရကီနဲ့ ရုရှဟာ S-400 အရောင်းအဝယ် သဘောတူညီချက်ကို ၂၀၁၇ ဒီဇင်ဘာလက လက်မှတ်ထိုးထားတာဖြစ်ပြီး S-400 ဒုံးတပ်စု နှစ်စုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ အရောင်းအဝယ်ကို နှစ်ဖက် သဘောတူထားတာပါ။ S-400 လေရန်ကာစနစ်ဟာ ရုရှရဲ့ ခေတ်အမီဆုံး တာဝေးဒုံးခွင်းဒုံးစနစ်ဖြစ်ပြီး ၂၀၀၇ ခုနှစ်ကတည်းက အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။
Rf; Daily Sabah

Post a Comment

0 Comments