COVID-19 ကြောင့် အသွားအလာကန့်သတ်မှုတွေ နိုင်ငံအများအပြား သက်တမ်းတိုး

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေသူတွေ ၂ သန်းလောက် ဖြစ်လာနေချိန်မှာပဲ ဒီရောဂါ မပြန့်ပွားအောင်ရည်ရွယ်ပြီး အသွားအလာ ကန့်သတ်မှု အတွက် အိန္ဒိယ၊ ပြင်သစ်နဲ့ နိုင်ဂျီးရီးယား အပါအဝင် နိုင်ငံအများအပြားက ကန့်သတ်ရက်တွေကို ထပ်မံ တိုးမြှင့် လိုက်ကြပါတယ်။ အိန္ဒိယနိုင်ငံမှာ အခုဆို ဒီရောဂါ အကူးစက်ခံရသူပေါင်း တသောင်း တထောင်လောက် ရှိလာနေချိန်မှာပဲ ဝန်ကြီးချုပ် Narendra Modi က မေလ ၃ ရက်နေ့အထိတိုးပြီး နိုင်ငံတလွှား အသွားအလာ ကန့်သတ်မှုဆက်လုပ်မှာ ဖြစ်ကြောင်း အင်္ဂါနေ့မှာပဲ ကြေညာပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron ကလည်း မေလ ၁၁ ရက်နေ့ အထိ ပြင်သစ်မှာ အသွားအလာ တွေ ပိတ် lockdown ဆက်လုပ်မှာ ဖြစ်ကြောင်း တနင်္လာနေ့ ညပိုင်း ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။ ပြင်သစ်နိုင်ငံနဲ့ ပြင်သစ်ပိုင်ဒေသတွေမှာ ဒီကပ်ရောဂါ အန္တရာယ်ကို သေသေချာချာ မထိန်းချုပ် နိုင်သေးတဲ့ အတွက် အခုလို ဆက်ပြီး ကန့်သတ်ရတာ ဖြစ်ကြောင်းနဲ့ ဒီလို ကန့်သတ်ထားတာကို လိုက်နာမှု ရှိလေလေ သေဆုံးမှု နည်းလေလေ ဖြစ်မယ်လို့လည်း ပြောပါတယ်။ နိုင်ဂျီးရီးယားမှာ နောက်ထပ် သီတင်း ၂ ပတ် အသွားအလာ ကန့်သတ်မှု ထပ်တိုးခဲ့သလို တူရကီသမ္မတ Recep Tayyip Erdogan ကလည်း စနေ၊ တနင်္ဂနွေ သီတင်းပတ်ကုန်မှာ ၄၈ နာရီ အသွားအလာ ပိတ်ပင်မှုကို ဒီသီတင်းပတ်မှာလည်း ထပ်လုပ်မယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ဒီရောဂါ အကူးစက်ခံရသူက ၆ သိန်းလောက် ဖြစ်လာနေပြီး အဆိုးဆုံးက နယူးရောက် ပြည်နယ်မှာ ဖြစ်ပါတယ်။ နယူးရောက်ပြည်နယ်တခုလုံးမှာ ဒီရောဂါ ဖြစ်ပွားသူ ၂ သိန်းနီးပါး (၁၉၅၀၀၀) ရှိပြီး နယူးရောက်မြို့မှာတင် တသိန်းကျော် (၁၀၆ ၇၀၀) ရှိနေတာပါ။
Credit

Post a Comment

0 Comments