COVID-19 ပြဿနာ ကိုင်တွယ်ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံမှာ စီးပွါးရေးအင်အား အလုံအလောက် ရှိပါရဲ့လား

ကျန်းမာရေး အသုံးစရိတ် ပိုမိုရှိအောင် ဘယ်လို လုပ်ဆောင်သင့်သလဲ စတာတွေကို မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးထားပါတယ်။  လောလောဆယ် အခက်ကြုံနေရတဲ့ ဆင်းရဲသားတွေကို ကူညီပံ့ပိုးမှုတွေကော ဘယ်လောက် ထိရောက်သလဲဆိုတာကို ဒေါက်တာတင်မောင်သန်း က အခုလို စပြောပါတယ်။ ဖြေ ။ ။ ကျနော်ကတော့ ထိရောက်တယ်လို့ ထင်ပါတယ်။ လုံးဝရာနှုန်းပြည့် ဖြစ်တယ်လို့တော့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာက အခွန်ဆောင်တဲ့စနစ်၊ ဝင်ငွေကြေညာတဲ့စနစ်တွေ မရှိပါဘူး။ နောက်တခါ ဆင်းရဲမှုပပျောက်ရေး လုပ်ငန်းစဉ်မှာလဲ ဘယ်သူတွေက ဆင်းရဲတယ်ဆိုတာကို ဖော်ထုတ်သတ်မှတ်ထားတာ မရှိပါဘူး။ ၂၀၁၂ တုန်းက ဆင်းရဲမှုပပျောက်ရေး ဆွေးနွေးပွဲကြီးလုပ်တယ်။ အဲဒီတုန်းက သမ္မတဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင်၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ကြတယ်။ တဆက်တည်းမှာပဲ နောက်တနှစ်လောက်ကြာမှာ လူမှု့ဖူလုံရေး အလုပ်ရုံဆွေးနွေးပွဲကြီး လုပ်တယ်။ ဒါပေမဲ့ ကျနော်တို့မှာ ဘယ်သူတွေက တကယ်ထောက်ပံ့မှု လိုအပ်သလဲဆိုတာ သတ်မှတ်ဖော်ထုတ်ထားတာ မရှိပါဘူး။ စံနှုန်းလည်း မရှိပါဘူး။ ကပ်ရောဂါဖြစ်တဲ့အခါမှာ အလျင်အမြန် လုပ်ဆောင်ရတာပါ။ ဒီအခြေအနေထဲကနေ ကိုင်တွယ်ပုံကို နားလည်ဖို့ လိုမယ်လို့ ထင်ပါတယ်။ မေး ။ ။ ဒါပေမဲ့ အခုကတော့ အစိုးရက အလုပ်မရှိတဲ့လူတွေ၊ ဝင်ငွေမရှိတဲ့ လူတွေကို ကူညီထောက်ပံ့တယ်။ စားနပ်ရိက္ခာတွေ ဝေပေးတယ်။ စေတနာဝန်ထမ်းအဖွဲ့တွေလည်း ရှိတယ်။ နောက် ဥရောပသမဂ္ဂကလည်း အလုပ်လက်မဲ့ဖြစ်သွားတဲ့ လူ (၄) သောင်းခွဲအတွက် ဒေါ်လာဘယ်လောက်ပေးမယ် စသဖြင့် အဲဒါတွေကရော နေရာမှန်မှန်ကန်ကန်ကို ရောက်မယ်ထင်ပါသလား။ ပြည်ပအကူအညီတွေနဲ့ စေတနာဝန်ထမ်းတွေ ကူညီနေကြတာတွေက ဘယ်လောက်အထိ ထိရောက်တယ်လို့ ထင်ပါသလဲ။ ဖြေ ။ ။ အများစုကတော့ ရောက်မှာပါ။ ရာနှုန်းပြည့်မှာ လွှဲချော်တာလေးတွေတော့ ရှိနိုင်ပါတယ်။ အခွင့်အရေး ယူသွားနိုင်တာတွေလဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ရာနှုန်းတော်တော်များများကတော့ တကယ်လိုလားနေသူတွေဆီ ရောက်မှာပါ။ မေး  ။ ။ ဆင်းရဲနွမ်းပါးတဲ့လူတွေကို ကူညီနေတဲ့အပြင် စီးပွားရေးလုပ်ငန်းတွေ ရှင်သန်ရေးအတွက်လဲ နိုင်ငံတော်အစိုးရက ပံ့ပိုးပေးမယ်လို့ ကြားသိရပါတယ်။ ဖြေ ။ ။ အသေးစိတ်တော့ ကျနော်မသိဘူး။ တချို့နိုင်ငံတွေမှာ လုပ်တာကတော့ အဲဒီလို စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ကူညီတဲ့အခါမှာ လက်ရှိဝန်ထမ်းတွေကို ဆက်လက်ထိန်းသိမ်းထားမယ်ဆိုတဲ့ အခြေအနေ။ ပြီးရင် လက်ရှိ ဝန်ထမ်းတွေကို လစာတစုံတရာ ဆက်လက်ပေးမယ်ဆိုရင် စသဖြင့် သတ်မှတ်ချက်တွေနဲ့ အကူအညီတွေကို လုပ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလိုလုပ်တယ်လို့ အခုထက်ထိတော့ မကြားမိသေးပါဘူး။ တနည်းပြောလို့ရှိရင် အလုပ်လက်မဲ့ မဖြစ်စေဖို့၊ တားဆီးကာကွယ်ဖို့ဆိုတဲ့ မူဝါဒနဲ့ ချိတ်ဆက်ပြီးတော့ ထောက်ပံ့ကူညီရေးကို ဆောင်ရွက်တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလဲ အဲဒီလို စဉ်းစားစရာ ကောင်းမယ်လို့ ထင်ပါတယ်။ မေး ။ ။ ပုဂ္ဂလိကကဏ္ဍမှာ လုပ်နေတဲ့ အလုပ်သမားတွေကြတော့ သူတို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်။ တချို့ဆို စက်ရုံပိတ်လိုက်ရလို့ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ အဲဒီလိုကိစ္စရပ်တွေ ရှိနေတော့ တကယ်တမ်း အရေးကြီးတာကတော့ ပုဂ္ဂလိကလုပ်ငန်းတွေ မရပ်ဆိုင်းသွားအောင် ပုဂ္ဂလိကကဏ္ဍကို ကူညီပံ့ပိုးရမယ့် အပိုင်းတွေ လိုမယ်ထင်ပါတယ်။ အဲဒါကို မြန်မာနိုင်ငံက ဘယ်လောက်လုပ်နိုင်တယ်လို့ ထင်ပါသလဲ။ ဖြေ ။ ။ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာကတော့ ယေဘုယျအားဖြင့် တခြားနိုင်ငံတွေမှာလဲ ဒီလိုကပ်ရောဂါ ပြဿနာတွေ ကြုံလာတယ်။ ဒါကြောင့်မို့ Supply Chain လို့ပြောတဲ့ ဆက်နွှယ်မှုအားလုံးမှာ ထိခိုက်မှု သဘောပါပဲ။ ဆိုတဲ့အခါကြတော့ အဲဒီလုပ်ငန်းတွေ ပျက်သွားမလဲ။ မပျက်ဘူးလားဆိုတာက သူတို့ရဲ့ Supply Chain တလျှောက်မှာရှိတဲ့ Chain ကြီးတခုလုံးမှာ ဆက်ပြီးကောင်းနေမှ ရှိမှာပါ။ အဲဒီတော့ ဒါက ဘယ်လိုပြောမလဲ အစိုးရတရပ်ရဲ့ လက်လှမ်းမမီတဲ့ကိစ္စတွေ တော်တော်များများ ရှိပါတယ်။ အဲဒီတော့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နစ်နာသွားမယ်ဆိုလို့ရှိရင် အဲဒီထိခိုက်နစ်နာသွားတာက ဘာကြောင့်လဲ။ ဒါကို ဖော်ထုတ်ဖို့ လိုပါတယ်။ ဘယ်နေရာမှာ ကူညီပေးမှာလဲ သတ်မှတ်ဖို့ လိုလိမ့်မယ်ထင်ပါတယ်။ အချိန်နည်းနည်း လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်။ မေး ။ ။ တချို့နိုင်ငံတွေမှာဆိုရင် ဒီလိုလုပ်ငန်းရှင်တွေက အစိုးရကို ပေးဆောင်ရမယ့် အခွန်တွေကို ဆိုင်းငံထားတာ၊ လျှော့ပေါ့လိုက်တာတို့ နောက်ပြီးတော့ လိုအပ်တဲ့ အရင်းအနှီးတွေလည်း ထောက်ပံ့တယ်လို့ ကြားရပါတယ်။ မြန်မာနိုင်ငံမှာကော အဲဒီလိုလုပ်ဆောင်တာတွေ ကြားရပါသလား။ ဖြစ်ကောဖြစ်နိုင်မလား။  
Credit

Post a Comment

0 Comments