ပြည်ဆေးရုံက COVID-19 လူနာ ၃ ဦးကို မိခင်ရှိရာ ဝေဘာဂီဆေးရုံသို့ လွှဲပေးရန်စီစဉ်

ပြည်ဆေးရုံမှာ တက်ရောက်နေတဲ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၁၈ ၊ ၁၉ နဲ့ ၂၀ တို့ သုံးဦးကို မိခင်ဖြစ်သူ လူနာအမှတ် ၁၅ တက်ရောက်နေတဲ့ ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးက ဒု ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့လူမှုကွန်ရက်မှာရေးပါတယ်။ပြည်ဆေးရုံမှာ အတည်ပြုလူနာအဖြစ် ကုသမှုခံယူနေတဲ့ လူနာ ၁၈၊ ၁၉၊ နဲ့ ၂၀ တို့ဟာ ဒီနေ့မနက်က ကွယ်လွန်သွားတဲ့ ပေါက်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူး (လူနာ အမှတ် ၁၇) နဲ့ ဆေးခန်းဝန်ထမ်းအမျိုးသမီး ( လူနာအမှတ် ၁၅) တို့ရဲ့ သား၊ သမီးနဲ့တူမတို့ ဖြစ်ပါတယ်။
ကလေးတွေရဲ့ဖခင်ဖြစ်သူကတော့ ပြည်မြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေရာက ဒီနေ့မနက် ၃ နာရီ မိနစ် ၄၀ က COVID-19 ကြောင့် သွေးဆိပ်တက်တာနဲ့ ပြင်းထန်အသက်ရှူလ မ်းကြောင်းရောဂါကြောင့်သေဆုံးသွားတယ်လို့ ဒေါက်တာ ခင်ခင်ကြီးက ဆိုပါတယ်။ကွယ်လွန်သွားတဲ့ ပေါက်ခေါင်းမြို့နယ် ဒု အုပ်ချုပ်ရေးမှူးကိုတော့ ဒီနေ့မနက်က ပြည်အေးငြိမ်းရာ သုဿန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦးရှိပြီး ၃ ဦးသေဆုံးသွားကာ ကျန်လူနာ ၁၉ ဦးရဲ့ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေတယ်လို့ ဒေါက်တာ ခင်ခင်ကြီးက ရေးသားထားပါတယ်။ဒါ့အပြင် လတ်တလော အချိန်အထိ အထူးကြပ်မတ်ကုသမှု ခံယူနေရတဲ့ လူနာ မရှိဘူးလို့လည်း ဆိုထားပါတယ်။COVID-19 ရောဂါကြောင့် ကွယ်လွန်သွားတဲ့ လူနာရဲ့ ကျန်ရစ်ခဲ့တဲ့မိသားစုတွေကို နိုင်ငံတော်က အပြည့်အဝစောင့်ရှောက်ပါမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

credit

Post a Comment

0 Comments