တီဘီရောဂါကာကွယ်ဆေးက Covid-19 ကိုပါ ကာကွယ်နိုင်မလား

BCG လို့ခေါ်တဲ့ တီဘီအဆုပ်နာရောဂါကာကွယ်ဆေးမှာ ကိုယ်ခံစွမ်းအားပြန်ပြီးမြှင့်တင်ပေးတဲ့ အချက်နဲ့ အသက်ရှုလမ်းကြောင်းမှာ ဖြစ်တဲ့ အခြားရောဂါတွေကို ကာကွယ်ပေးနိုင်တာကြောင့် ကမ္ဘာ့ကပ်ဘေးရောဂါကြီးဖြစ်တဲ့ COVID-19 ကိုတိုက်ဖို့ ကျန်းမာရေးပညာရှင်တွေ စတင်စမ်းသပ်နေပြီလို့ အမေရိကန်ပြည်ထောင်စု နယူးရောက်က ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်က ဗွီအိုအေကိုပြောပါတယ်။ တကမ္ဘာလုံးမှာ သြစတြေးလျနဲ့ နယ်သာလန် နှစ်နိုင်ငံမှာပဲ ရှေ့တန်းကကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တီဘီရောဂါကာကွယ်ဆေးနဲ့ စတင် စမ်းသပ်နေတာဖြစ်တယ်လို့ သူကပြောပါတယ်။ ဒါဆိုရင် နိုင်ငံတော် ကျန်းမာရေးစီမံချက်အဖြစ် ကလေးငယ်တွေကို တီဘီ ကာကွယ်ဆေး ထိုးပေးခဲ့တဲ့ အိန္ဒိယနဲ့ မြန်မာလို နိုင်ငံတွေမှာ  ရော ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ဖို့ မျှော်လင့်ချက် ဘယ်လောက်ထိရှိနိုင်မလဲ။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။ BCG တီဘီအဆုပ်နာရောဂါကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးစီမံချက် အဖြစ် ချမှတ်ကျင့်သုံးခဲ့ခြင်းမရှိတဲ့ အီတလီ၊ နယ်သာလန်နဲ့ အမေရိကန်ပြည်ထောင်စု စတဲ့နိုင်ငံတွေမှာ COVID-19 ရောဂါ ပြင်းပြင်းထန်ထန် ကူးစက်တာ ပို ပြီးတွေ့ရတယ်လို့ အမေရိကန်ပြည်ထောင်စု NYIT နယူးရောက် နည်းပညာ အင်စတီကျူ အဖွဲ့ရဲ့ သုတေသနစာတမ်းမှာ ဖေါ်ပြထားပါတယ်။  ၁၉၄၈ ခုနှစ်က အိန္ဒိယနိုင်ငံမှာ အဆုပ်ရောဂါ အကြီးအကျယ် ကူးစက်ခဲ့ပြီးနောက် အဆုပ်ရောဂါ ကာကွယ်ဆေးကို မွေးကင်းစ ကလေးငယ်တိုင်းမှာ ထိုးဖို့ နိုင်ငံတော်စီမံချက်အဖြစ် ချမှတ်ခဲ့တာပါ။  ကလေးငယ် သန်းပေါင်းများစွာ တီဘီရောဂါကာကွယ်ဆေးထိုးခဲ့တဲ့ အိန္ဒိယ မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ အမေရိကန် လောက်မဆိုးရွားဘူးဆိုတာကို နှိုင်းယှဉ်လေ့လာ ခဲ့တာဖြစ်တယ်လို့ အဲဒီစာတမ်းက ဆိုပါတယ်။ ဒါပေမယ့် ဒီစာတမ်းပြုစုမှုနဲ့ ပတ်သက်လို့ တစုံတရာမှတ်ချက် ပေးပြောဆိုဖို့ အလွန်စောနေသေးတယ်လို့  ဒေါက်တာဇေယျာသက်က ပြောပါတယ်။ လတ်တလောအခြေအနေမှာတော့ သြစတြေးလျနဲ့  နယ်သာလန် နှစ်နိုင်ငံမှာပဲ တီဘီရောဂါ ကာကွယ်ဆေးကို COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် စတင် စမ်းသပ်နေကြောင်း သူက အခုလိုပြောပါတယ်။ "သြစတြေးလျနိုင်ငံ မဲလ်ဘုန်းက ကလေးဆေးရုံတရုံကနေ လူဦးရေ ၄၀၀၀ ထောင်ကျော်လောက်ကို စတင် စမ်းသပ်နေပါတယ်။ နောက် ပြီးခဲ့တဲ့ တပတ်ကပဲ နယ်သာလန်နိုင်ငံက သုတေသီအဖွဲ့တဖွဲ့ကနေ လူဦးရေ ၁၅၀၀ ကျော်လောက်ကို စမ်းသပ်နေပါတယ်။ အဲဒီနှစ်နေရာလုံးမှာ စမ်းသပ်ခံရတဲ့ လူတွေက ကျန်းမာရေးဝန်ထမ်းတွေပဲဖြစ်ပါတယ်။ အပြင်လူ မပါပါဘူး။" ဘာကြောင့် ကျန်းမာရေးဝန်ထမ်းတွေကိုပဲ စမ်းသပ်ရသလဲ ဆိုတဲ့အကြောင်းအရင်းကို ဒေါက်တာဇေယျာသက်က အခုလိုရှင်းပြပါတယ်။ "ဒီလူတွေက လူနာနဲ့ ပထမဆုံးတွေ့ရတဲ့သူတွေ ပါ။ အရေးပေါ်အခန်းမှာ ဒီနေ့ဒီချိန်ဆိုရင် လူနာပေါင်း များစွာလာနေတယ်ဆိုတဲ့ သူတို့တွေဆီ ကူးစက်မယ့်အခြေအနေက အရမ်းများနေတယ်။ ဒါကြောင့် ဒီကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ခြောက်လအတွင်း ဒါမှမဟုတ် ၁၂ လအတွင်း ရောဂါကူးစက်သလား၊ ဒါကို သူတို့က အရင်ကြည့်ပါတယ်။ သူတို့ကတဆင့် အခြားသူတွေ၊ မိသားစုတွေကိုပါ ကူးသွားတာတွေရှိနေတော့ ဒါတွေကို အရင်ကာကွယ်ဖို့ ဦးတည်ချက်ထားပြီး လုပ်တာဖြစ်ပါတယ်။" လက်ရှိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁,၄ဝဝ,ဝဝဝ ကျော်နဲ့ သေဆုံးသူ ၈၁,ဝဝဝ ကျော်ရှိပြီး ပြန်လည်ကျန်းမာလာသူကတော့ ၃ သိန်း နီးပါး ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ကူးစက်ခံရသူ ၃၈၆,ဝဝဝ ကျော်နဲ့ သေဆုံးသူ ၁၂,ဝဝဝ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ရေး တီဘီရောဂါ ကာကွယ်ဆေး အသုံးပြုလို့ရမရ ဆေးသိပ္ပံပညာရှင်တွေ ဘာကြောင့် စဉ်းစားလာရသလဲဆိုတဲ့ အကြောင်းအရင်းကို ဒေါက်တာဇေယျာသက်က အခုလိုပြောပါတယ်။ " တီဘီရောဂါကာကွယ်ဆေးဟာ တီဘီကို အပြတ်တိုက်ထုတ်ဖို့ တီထွင်ခဲ့တာဖြစ်ပေမယ့် တကယ်တမ်း တီဘီရောဂါကို ပျောက်ကင်းအောင် လုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ သဘောကတော့ BCG ထိုးလို့ တီဘီကို မကာကွယ်နိုင်ဘူး။ ဒါပေမဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့ အခြားဗိုင်းရပ်စ်တွေကို သူက သွားပြီး တိုက်ထုတ်နိုင်တယ်ဆိုတာ တွေ့ရတယ်။ နောက်ပိုင်းမှာ ဒီကာကွယ်ဆေးကို ကျနော်တို့ ဘယ်နေရာမှာ သုံးလဲဆိုရင်  immune modulators ကိုယ်ခံအားပြန်ပြီးမြှင့်တင်ဖို့အတွက် ဆီးအိမ်ကင်ဆာဖြစ်နေသူတွေကို BCG ထိုးပေးတာမျိုး ရှိလာတယ်။ ဒီအချက်နှစ်ချက်ကို အခြေခံပြီး  ကိုရိုနာဗိုင်းရပ်စ်ကို တိုက်နိုင်မလားဆိုတဲ့ ယူဆချက်မျိုးနဲ့ ပညာရှင်တွေက စမ်းသပ်နေတာဖြစ်ပါတယ်။" မေး။  ။ ဒါဆိုရင် တီဘီရောဂါ ကာကွယ်ဆေးကို အရင်ကတည်းက  ထိုးထားသူတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နည်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ရောရှိနိုင်မလား။ ဖြေ။  ။ အဲဒါက ပြောရခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်ကိုယ်တိုင်လည်း ငါးနှစ်၊ ခြောက်နှစ်အရွယ်မှာ ကျောင်းမှာ ဒီကာကွယ်ဆေး ထိုးခဲ့ရတာပါ။ ဒါပေမဲ့ အဲဒီချိန်က ကာကွယ်ဆေးကို ရေခဲသေတ္တာလိုမျိုး အအေးခန်းနေရာတွေမှာ သိမ်းဆည်းခဲ့သလား။ ကျနော်လည်း မသိဘူး။ တကယ်တမ်း ဒီလိုကာကွယ်ဆေးမျိုးတွေကို သယ်ယူတဲ့အခါမှာ liquid nitrogen ထဲကို ထည့်ပြီးသယ်ရတာပါ။ စံချိန်စံနှုန်း သတ်မှတ်ချက်တွေရှိပါတယ်။ အဲတော့ လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က ကျနော်တို့ ထိုးခဲ့တဲ့ ကာကွယ်ဆေးက တကယ်ပဲ သတ်မှတ်ထားတဲ့အချက်တွေနဲ့ ကိုက်ညီသလား ဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ အဲတော့ ကံကောင်းလို့ ကျနော်တို့ ကာကွယ်ဆေးထိုးတာက ထိရောက်မှု ရှိချင်လည်းရှိခဲ့မယ်။ ဒါဆိုရင်တော့ ကျနော်တို့ ပိုက်ဆံမကုန်ပဲ ရတဲ့ ကာကွယ်နည်းတနည်းဖြစ်မှာပါ။" လက်ရှိ အမေရိကန်ပြည်ထောင်စုမှာတော့ တီဘီရောဂါကာကွယ်ဆေးကို ကိုရိုနာဗိုင်းရပ်စ်အတွက် စမ်းသပ်တာမျိုး မလုပ်သေးဘူးလို့ ဒေါက်တာဇေယျာသက်က ပြောပါတယ်။ သြစတြေးလျနဲ့ နယ်သာလန်နိုင်ငံတွေက စမ်းသပ်မှုရလာဒ်တွေကိုတော့ ဒီနှစ်အကုန်မှာ သိရမှာဖြစ်တယ်လို့ သူကဆိုပါတယ်။
Credit

Post a Comment

0 Comments