COVID-19 ကူးစက်သေဆုံးမှု အမြင့်ဆုံး အမေရိကန်မှာ စီးပွားရေး ပြန်ဖွင့်

အမေရိကန်ပြည်ထောင်စုက ပြည်နယ်တချို့မှာ COVID-19 ကပ်ရောဂါကြောင့်သီတင်းပတ် အတော်ကြာ ပိတ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို တဖြည်းဖြည်းနဲ့ပြန်လည် စတင်ဖွင့်ပေးနေပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်မှာ ရောဂါကူးစက်ခံရမှုနဲ့ သေဆုံးတဲ့ အရေအတွက် ဆက်လက်မြင့်မားနေဆဲ ဖြစ်တာကြောင့် လူစုလူဝေး ကန့်သတ်ချက်တွေကိုလျှော့ပေါ့မပေးခင် ပြင်းပြင်းထန်ထန် ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်လိမ့်မယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ဖို့ မစခင်မှာ ရောဂါပိုးရှိမရှိ စစ်ဆေးမှုတွေကို အနည်းဆုံး နှစ်ဆတိုးမြှင့်ပြီး လုပ်ဖို့ လိုအပ်လိမ့်မယ်လို့ အမေရိကန် ထိပ်တန်း ကူးစက်ရောဂါ ကျွမ်းကျင်သူ ဒေါက်တာ Anthony Fauci က လွန်ခဲ့တဲ့ စနေနေ့က ပြောကြားခဲ့တာပါ။ လက်ရှိ အမေရိကန်မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၉၄၀,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူပေါင်း ၅၄,၀၀၀ ကျော် ရှိနေပါတယ်။ စီးပွားရေးလုပ်ငန်း တစိတ်တဒေသကို စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့ ပြည်နယ်တချို့ထဲမှာ ဂျော်ဂျီယာ၊ တောင်ကိုရိုလိုင်းနားနဲ့ Oklahoma စတဲ့ ပြည်နယ်တွေလည်း ပါဝင်ပါတယ်။ ကိုလိုရာဒါပြည်နယ်မှာတော့ နေအိမ်မှာပဲနေဖို့ ထုတ်ပြန်ချက်ကို သိပ်ပြီး တင်းကျပ်မှုမရှိတဲ့ အချက်တွေနဲ့ ပြောင်းလဲအစားထိုး ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖွင့်ခွင့်ပေးမယ့် စီးပွားရေးလုပ်ငန်းစာရင်း ပါဝင်ပေမယ့် အွန်လိုင်းကနေမှာပြီး ကားနဲ့သွားယူရတဲ့ စနစ်မျိုးပဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Post a Comment

0 Comments