ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၃ သန်းထိရောက်ရှိ

 ကမ္ဘာတဝှမ်းမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေက အခုဆိုရင် ၃ သန်းနီးပါးအထိ တိုးလာနေပြီး အသွားအလာ ကန့်သတ်မှုတွေကိုလည်း နေရာအတော်များများမှာ ဆက်လက်ချမှတ်ထားဆဲ ဖြစ်ပါတယ်။ ကူးစက်မှု အနည်းငယ်ကျဆင်းလာတဲ့ နိုင်ငံတချို့မှာတော့ အသွားအလာ ကန့်သတ်မှုတွေနဲ့ ယာယီပိတ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ပြန်စဖို့ ပြင်ဆင်နေကြပါတယ်။ စပိန်နိုင်ငံမှာ တနင်္ဂနွေနေ့က ကလေးငယ်တွေကို သီတင်းခြောက်ပတ်အတွင်း ပထမဆုံးအကြိမ် အိမ်အပြင်ထွက်ခွင့် ပြန်ပေးခဲ့ပါတယ်။ စပိန်ဟာ အမေရိကန်ပြည်ထောင်စုပြီးရင် ကမ္ဘာပေါ်မှာ ဒီရောဂါကူးစက်မှု အများဆုံးရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။ ရောဂါကူးစက်မှု တတိယအများဆုံးဖြစ်တဲ့ အီတလီနိုင်ငံမှာတော့ နောက်ပိုင်း ကူးစက်မှုတွေ အနည်းငယ် ပြန်လည်လျော့ကျလာတာကြောင့် အသွားအလာ ကန့်သတ်မှုတွေ တဖြည်းဖြည်း ပြန်လျှော့ဖို့ ပြင်နေပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေထဲ ဒီရောဂါ ပထမဆုံး ကူးစက်ခံရပြီး ဆေးရုံတက် ကုသမှုခံယူခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကတော့ ပြန်လည် သက်သာလာပြီဖြစ်လို့ တနင်္လာနေ့မှာ ပုံမှန်အလုပ်တွေ ပြန်လည်စတင်ဖွယ် ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဒီရောဂါနဲ့ ဆေးရုံတက် ကုသမှုခံယူခဲ့ကြသူတွေ အားလုံးကို ဆေးရုံကနေ ပြန်ဆင်းခွင့်ပေးလိုက်ပြီလို့ တရုတ်ကျန်းမာရေး အရာရှိတွေက တနင်္ဂနွေနေ့က ပြောပါတယ်။ တရုတ်နိုင်ငံတွင်း ဒီရောဂါကူးစက်မှုပေါင်းရဲ့ တဝက်လောက်က ဝူဟန်မြို့မှာ ရှိခဲ့တာပါ။ ဒါကြောင့် ဒီမြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ၂ လခွဲလောက် မြို့တွင်း မြို့ပြင် အသွားအလာတွေ ကန့်သတ်မှုတွေ တင်းတင်းကျပ်ကျပ် ချမှတ်ပြီး မြို့ကို လုံး၀ သီးခြားခွဲ ပိတ်ဆို့ပစ်ခဲ့ပါတယ်။ ကူးစက်မှုတွေ နည်းပါးလာချိန်မှာ ကန့်သတ်ချက် အတော်များများ ပြန်လည် ဖြေလျှော့ပေးခဲ့ပေမယ့်လို့ ဒေသခံတွေ အနေနဲ့ ရောဂါပိုး ရှိမရှိ စစ်ဆေးမှုတွေကိုတော့ ပုံမှန်လုပ်နေရဆဲ ဖြစ်ပါတယ်။

Post a Comment

0 Comments