ဥရောပမှာ COVID-19 ကူးစက်မှုလျော့လာပေမယ့် ကာလအတော်ကြာ ရှိနေနိုင်ကြောင်း WHO ပြော

 ဥရောပဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ကူးစက်မှု ကျဆင်းနေတာ ဒါမှမဟုတ် ဆက်မတိုးပဲတည်ငြိမ်နေတဲ့ ပုံမျိုး တွေ့နေရပေမယ့် ဒီရောဂါပိုးဟာ လူတွေကြား အချိန်အတော်ကြာ ဆက်ပြီး ရှိနေနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။ နိုင်ငံအများစုမှာ ဒီကပ်ရောဂါဟာ အခုမှ ကနဦးအဆင့်ပဲ ရှိသေးသလို ဒီကပ်ရောဂါဒဏ်ကို အစောဆုံးခံရတဲ့ နိုင်ငံတချို့မှာ ရောဂါအကူးစက်ခံရသူ ဦးရေ ပိုတိုးလာ နေတာကို အခု စမြင်နေရတာကြောင့် သတိထားကြဖို့ ဒီရောဂါဆိုင်ရာ ဂျနီဗာနေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားလိုက်တာပါ။ နေအိမ်တွေမှာပဲ နေတာနဲ့ လူချင်းခပ်ခွာခွာနေတဲ့ လုပ်ဆောင်မှုတွေက နိုင်ငံအများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကောင်းကောင်းတားဆီးနိုင်ခဲ့တာ ဖြစ်ပြီး အခုတော့ ဒီလုပ်ဆောင်မှု ကြောင့် ရလာတဲ့ ရလဒ်ကနေ ဖြေလေ ျှာ့မှုတွေ လုပ်ဖို့ စဉ်းစားလာတာကို တွေ့နေရပြီး ဒါဟာ အကြီးဆုံးအန္တရာယ်တွေထဲက တခု ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့ကြောင့် ဆေးစစ်ဖို့၊ သီးခြားခွဲနေကြဖို့၊ ရောဂါရှင်တွေနဲ့ ထိတွေ့ဆက်ဆံမိသူတိုင်း သီးခြားခွဲနေထိုင်ပြီး စောင့်ကြည့်ဖို့ အပါအဝင် WHO ရဲ့ ကျန်းမာရေးဆိုင်ရာ အကြံပေးချက်တွေကို နိုင်ငံတိုင်း လိုက်နာကြဖို့လည်း တိုက်တွန်းပါတယ်။ Johns Hopkins တက္ကသိုလ် စစ်တမ်းအရ ဗုဒ္ဓဟူးနေ့မှာ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ရောဂါ အကူးစက်ခံရသူပေါင်းက (၂,၆၁၄,၀၀၀) ၂ သန်း ၆ သိန်းကျော် ရှိ နေပြီး သေဆုံးရသူပေါင်းက (၁၈၁,၂၀၀) တသိန်းရှစ်သောင်းကျော် ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ အကူးစက်ခံရသူ (၈၃၄,၈၅၈) ရှစ်သိန်းကျော်ရှိနေတာပါ။ ဒီရောဂါအတွက် ကာကွယ်ဆေးကို ကြာသပတေးနေ့မှာ Oxford တက္ကသိုလ်မှာ လူတွေနဲ့ စတင်စမ်းသပ်မှာ ဖြစ်ကြောင်း ဗြိတိသျှ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

Post a Comment

0 Comments