ကမ္ဘာတဝှမ်း တောရိုင်းတိရိစ္ဆာန်ဈေးတွေပိတ်ဖို့ မြေကမ္ဘာနေ့မှာ ကန် နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ဧပြီလ ၂၂ ရက်နေ့ မနေ့က ကျရောက်ခဲ့တဲ့ မြေကမ္ဘာနေ့မှာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန ဝန်ကြီး Mike Pompeo က ကမ္ဘာတဝှမ်း တရားမဝင် တောရိုင်း တိရိစ္ဆာန်ဈေးတွေကို ပိတ်သိမ်းပေးဖို့တောင်းဆိုလိုက်ပါတယ်။ တောရိုင်းတိရိစ္ဆာန် ရောင်းဝယ် ဖောက်ကားခြင်းရဲ့ အန္တရာယ် အကျိုးဆက်ကို လည်း ဝန်ကြီး Pompeo က အလေးပေးပြော ကြားခဲ့ပြီး လူသားတွေ စားသုံးဖို့ တောရိုင်းတိရိစ္ဆာန်တွေကို ရောင်းချနေတာက လူသား မျိုးဆက် အတွက် အန္တရာယ်များသလို ကပ်ရောဂါတွေကူးစက်ပြန့်ပွားစေ တာကြောင့် တောရိုင်းတိရိစ္ဆာန်ဈေးတွေကို အပြီးတိုင်ပိတ်သိမ်းပေးဖို့ တရုတ်နိုင်ငံအပါအဝင် တခြား နိုင်ငံတွေကို ဝန်ကြီး Pompeo က တောင်းဆိုလိုက်ပါတယ်။  ဒါ့အပြင် တောရိုင်း တိရိစ္ဆာန်ဈေးတွေ အဆုံးသတ်ရေးအတွက် နိုင်ငံတကာအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ လည်း သူက တိုက်တွန်းခဲ့ပါတယ်။လေထုနဲ့ ရေထုသန့်ရှင်းရေး၊ သဘာဝသယံဇာတ ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ စီးပွါးရေး အကျိုးဖြစ်ထွန်းမှုကို တွန်းအားပေးရေး၊ ပြည်တွင်း ပြည်ပ ရာသီဉတုဘေး ဒဏ်ခံနိုင်ရေး ထိန်းသိမ်းစောင့်ရှောက်မှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဦးဆောင်ဦးရွက်ပြုလုပ်ဆောင်ပေးနေတာတွေ အပေါ်များစွာ ဂုဏ်ယူမိတယ်ကြောင်း သူက ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Gutteress ကလည်း သူ့ရဲ့ သဝဏ်လွှာမှာ ကမ္ဘာကြီး လတ်တလောရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အပြင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနဲ့ ရင်ဆိုင်နေရတဲ့ ဘေးက ကာကွယ်ကြဖို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ လုပ်ဆောင်ကြရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာကြီး ပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ရဲ့သက်ရောက်မှု တွေဟာ ခုရင်ဆိုင်နေရတဲ့ ကပ်ရောဂါလိုပဲ လူမျိုးဘာသာမရွေး၊ နေရာဒေသမရွေး သက်ရောက်မှုရှိနေတယ်လို့ သတိပေး လိုက်ပါတယ်။ ရေနံယိုဖိတ်မှုတွေ၊ ရေထု၊ လေထုညစ်ညမ်းမှုတွေအပေါ် ဆန့်ကျင်ဆန္ဒပြရာက ၁၉၇၀၊ ဧပြီလ ၂၂ ရက်နေ့မှာ မြေကမ္ဘာနေ့ ပေါ်ပေါက်ခဲ့တာပါ။ ပထမဆုံးမြေကမ္ဘာနေ့မှာတော့ သဘာဝ ပတ်ဝန်းကျင်ကာကွယ်ရေး အမေရိကန်ပြည်သူ သန်း ၂၀ လောက် စုရုံးတောင်းဆိုခဲ့သလို ကမ္ဘာတလွှားအစိုးရတွေက မြေကမ္ဘာထိန်းသိမ်းရေးအတွက် မူဝါဒတွေ ချမှတ်ခဲ့ကြပါတယ်။

Post a Comment

0 Comments