တိုက်ပွဲများရပ်ပြီး COVID-19 အရေး ပူးပေါင်းရန် ALP တိုက်တွန်း

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်ဆိုင်းပြီး COVID -19 ကပ်ရောဂါကို မြန်မာတနိုင်ငံလုံး ပူးပေါင်း တိုက်ဖျက်ရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဧပြီလ ၁၂ ရက်တွင် ကြေညာချက် တစောင် ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။

ALP ၏ ထုတ်ပြန်ချက်တွင် တိုက်ပွဲများ ရပ်ဆိုင်းရန်၊ မောင်တောဒေသ နယ်စပ်ဂိတ် လူဝင်လူထွက်ကို တင်းကြပ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ဟူသည့် အချက်သုံးချက်ကို အဓိက ဖော်ပြထားပြီး ယင်း အချက်များကို ပြည်သူများ၊ သက်ဆိုင်ရာအဖွဲ့များ၊ နိုင်ငံတော်အကြီးအကဲများကို သိရှိစေလိုကြောင်း ALP ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောမြ ရာဇာလင်း က ဧရာဝတီသို့ ပြောသည်။

ဒေါ်စောမြ ရာဇာလင်း က “ပြည်သူတွေဆီက သတင်းတွေ ရပါတယ်။ အနောက်ဘက်ဂိတ်ဟာ ပွင့်နေတယ်ပေါ့။ ဘင်္ဂလားဒေ့ရှ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက တော်တော်ကို များနေပါပြီ။ ရောက်လာတဲ့သူတွေကို သက်ဆိုင်ရာ ဌာနတွေက Quarantine ဘယ်လို လုပ်မလဲ။ သူတို့တွေကို ဘယ်လိုနေရာချမလဲဆိုတာ စဉ်းစားသင့်တာ ၁ ချက်ဖြစ်သလို ဂိတ်တွေကို အဝင်အထွက် အားလုံး ပိတ်ထားသင့်တယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသဖြင့် ကပ်ရောဂါကာကွယ်ရေး ဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူများက အချိန်နှင့် တပြေးညီ မသိရှိရကြောင်း၊ စစ်ရှောင်ဒုက္ခသည် စခန်းများ တွင်လည်း စားနပ်ရိက္ခာနှင့် ရေရှားပါးမှုများ ကြုံနေရကြောင်း သိရသည်။

အကျဉ်းထောင်များတွင် လူတဦးနှင့် တဦးအကြား ရောဂါမကူးရန်အတွက် ၃ ပေခွာနေရန်မှာ မဖြစ်နိုင်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများသည် ရာဇဝတ်သားများ မဟုတ်ဘဲ တိုင်းပြည်ပြုပြင် ပြောင်းလဲရေးအတွက် အယူအဆ မတူသူများ ဖြစ်သဖြင့် အစိုးရ က ပြန်လွှတ်ပေးသင့်ကြောင်း ၎င်းက ထောက်ပြသည်

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အစိုးရ၏ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် အသိပညာပေးမှုများရှိနေသော်လည်း ၊ ကျေးလက်ဒေသရှိ စစ်ဘေးရှောင်စခန်းများ အထိ အသိပညာပေးနိုင်မှု မရှိကြောင်း၊ ကျေးလက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ ကူညီမှုဖြင့် အသိပညာပေးမှုများ လုပ်ဆောင်နေရကြောင်း ရခိုင်တိုင်းရင်းသားများ ကွန်ဂရက် (REC) တွင်းရေးမှူး ကိုဇော်ဇော်ထွန်း က ပြောသည်။

လက်မကြာခဏ ဆေးရန် တိုက်တွန်းနေသော်လည်း အချို့နေရာများတွင် ရေရှားပါးနေသဖြင့် လက်ဆေးရန် မလွယ် ကူကြောင်း၊ နှာခေါင်းစည်းများလည်း အလုံအလောက် ရှိမနေကြောင်း၊ လက်ဆေးရည် (Hand Gel) များလည်း အလုံအလောက်မရှိဟုလည်း ဆိုသည်။

ကိုဇော်ဇော်ထွန်း က “တချို့ပြည်တော်ပြန်တွေဆို စခန်းထဲကို ဝင်လာတယ်။ ပြန်ထွက်သွားကြတယ်။ တချို့လည်း စခန်းနားမှာ နေတယ်။ သူတို့ကိုလည်း ကောင်းကောင်း မွန်မွန် စောင့်ကြည့်နိုင်တဲ့ အခြေအနေမရှိဘူးပေါ့။ နောက်တခုက ကိုဗစ်က ကိုယ်ခံ အားကောင်းဖို့ လိုတယ်ပေါ့။ ဒါပေမယ့် စခန်းတွေမှာက ဘယ်လိုလုပ် ကိုယ်ခံအား  ကောင်းနိုင်မှာလဲ။ သူတို့မှာက အစားဆင်းရဲ အနေဆင်းရဲ ဖြစ်နေတာကိုး” ဟု ရှင်းပြသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများ၏ အခြေအနေသည် ရောဂါမဖြစ်ရန် ဆုတောင်းနေရပြီး ရောဂါကူးစက်ခံရသူ တယောက်ရှိပါက အလွယ်တကူပျံ့နှံ့ပြီး ထိန်းချုပ်ရန် ခက်ခဲသည့် အနေအထားဖြစ်နေကြောင်း ကိုဇော်ဇော်ထွန်းက ဆိုသည်။

အစိုးရက အင်တာနက်လိုင်း ဖြတ်တောက်ထားသော ကျောက်တော်မြို့မှ ဒေသခံတဦးကမူ အစိုးရနှင့် တပ်မတော်အပါဝင် ၊ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ညှိနှိုင်းကာ စစ်ပွဲများကို ရပ်ပေးစေလိုကြောင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ထားမှုကိုလည်း အမြန်ဆုံး ပြန်ဖွင့်ပေးစေလိုကြောင်း ပြောသည်။

လူသားဆန်သည့်  စိတ်ဓာတ်ရှိသူများအနေနှင့် ကပ်ရောဂါအန္တရာယ်ကြုံနေရသည့် လက်ရှိကာလတွင် တိုက်ပွဲများကို ရပ်ဆိုင်းပြီး ကပ်ရောဂါ ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်သင့်နေပြီဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

ကျောက်တော်ဒေသခံ ၁ ဦးက “ကျနော်တို့ ကျောက်တော်ဘက်မှာက ကိုဗစ်ထက် လက်နက်ကြီး လက်နက်ငယ်ကျပြီး ဘယ်လို သေဆုံးမလဲ၊ ဘယ်လို အနိဌာရုံ ကြုံရမလဲ ကြောက်လန့်မှုက ပိုပြီး ကြီးစိုးနေတယ်။ ဒီနေ့ဆို ပုဏ္ဏားကျွန်းကရွာ စစ်တွေဘက်ကို သွားတဲ့လမ်း အလယ်မှာ လက်နက်ကြီးပစ်တာ တလုံးပေါက်ကွဲလို့ လူ ၆ ယောက် သေဆုံးပြီ။ ဒဏ်ရာရတဲ့ သူတွေလည်း အများကြီးရှိတယ်” ဟု ပြောသည်။

ALP သည် ရခိုင်တွင် ဖိနှိပ်မှုမှ လွတ်ကင်းရေးနှင့် တန်းတူရေးအတွက် ၁၉၆၇ ခုနှစ်ကတည်းက လက်နက် ကိုင် တိုက်ပွဲဝင်ခဲ့သောအဖွဲ့ ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ညိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်လာခဲ့ပြီး၊ ထိုနှစ်ဧပြီလတွင် နှစ်ဘက်အပစ်ရပ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ALP သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိတွင် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ထဲတွင် ပါဝင်သည်။

ရခိုင်ပြည်နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်သူများ ၏ အရေအတွက် တိုးလာနေသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်း ၁၃၂ ခုရှိနေပြီး စစ်ဘေးဒုက္ခသည် တသိန်းခြောက်သောင်းကျော်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားများကွန်ဂရက် (REC) ထံမှ သိရသည်။

Credit

Post a Comment

0 Comments