ပလက်ဝက စည်ပင်ဝန်ထမ်းတဦးကို AA က ဖမ်းဆီးသွား

ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်ရှိ မြို့မရပ်ကွက်တွင်နေထိုင်သည့် စည်ပင်သာယာရေး ဝန်ထမ်း တဦးဖြစ်သူ ဦးမြင့်မောင်ကို ရက္ခိုင်စစ်တပ် (AA) က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

ထက်က ဆိုသည်။

ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသ ဖြစ်သလို လက်ရှိ တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားပြီး ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ထားသည့် ဒေသလည်း ဖြစ်သည်။

ဦးစိုးထက် က “အခုလို မြို့ပေါ်အထိ စည်ပင်ဝန်ထမ်းကို ဖမ်းတယ်ဆိုတာက လုံခြုံရေးအခြေအနေက စိုးရိမ် နေရတဲ့ အနေအထား ရောက်ပြီလို့ ပြောလို့ရတယ်။ မြို့ဘက်မှာကို AA တွေက သွားလာပြီး လုပ်ချင်တာ လုပ်တဲ့ အဆင့် ရောက်နေပြီ။ ပလက်ဝမြို့ပေါ်မှာ က ရဲပဲရှိတာ။ သူကလည်း AA ကို မစိုးမိုးနိုင်ဘူးလေ” ဟု ပြောသည်။

အဆိုပါ လုံခြုံရေးအခြေအနေ စိုးရိမ်ရမှုနှင့် ပတ်သက်ပြီး တပ်မတော်ကလည်း သိရှိထားပြီးဖြစ်ကြောင်း၊ တပ်မတော်က လုပ်သင့်တာ လုပ်ဆောင်နေပြီး အသေးစိတ်အခြေအနေတော့ ၎င်းအနေဖြင့် မသိရှိပါဟု ၎င်းက ဆိုသည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၁ သိန်းကျော် နေထိုင်ကြကာ လူဦးရေ ၆ သောင်းခန့် စစ်ဘေး ဒဏ်သင့်နေရပြီး လျှပ်စစ်မီး ရရှိမှုမှာလည်း အစိုးရကပေးသည့် မီးစက်ဖြင့် တနေ့ကို ၃ နာရီသာ မီးရရှိသည်။

ထို့အပြင် ပလက်ဝမြို့နယ်တွင် လူဦးရေ တသိန်းကျော် နေထိုင်ပြီး ပလက်ဝသည် ကုလားတန်မြစ်အတိုင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ သယ်ယူလာသည့် အခြေခံစားသောက်ကုန်များကို ဝယ်ယူ သုံးစွဲကြရသည့် ဒေသဖြစ်သည်။

တိုက်ပွဲများကြောင့် ရေလမ်း၊ ကုန်လမ်း အစရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ထား သည့်အတွက် ပလက်ဝမြို့ နယ်တွင် ဆန်များပြတ်လပ်တော့မည်ဖြစ်ကြောင်း  စစ်ဘေးရှောင်အရေး ကူညီနေသူ မိုင်းနန်းဝေ က ဆိုသည်။

၎င်းက “ဆန်က ဟိုတလောက AA တွေ ဖြတ်လုသွားပြီး ပြန်ပို့လိုက်တဲ့ အိတ် ၈၀ ပဲရှိတယ်။ အဲဒါနဲ့ ရပ်တည်နေရတော့ ဒီနေ့မှ ဆန်ရောက်မလာရင် မနက်ဖန်ဆို ဆန်မရှိတော့ဘူး။ အခုမြို့ပေါ်မှာလည်း ၁ဝ ပြည်ရှိရင် မျှဝေစား နေတာပေါ့။ ကျမတို့ ချင်းတွေက ဆန်နဲ့ ဆားရှိရင် ရပြီ” ဟု ပြောသည်။

မတ်လ ၂၉ ရက်နေ့က ပလက်ဝမြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည် ၁၇၀၀ ကျော်အတွက် သယ်လာသည့် ဆန်အိတ် ၁၀၀ ကို ရက္ခိုင်စစ်တပ် (AA) က လုယူသွားခဲ့ပြီး အိတ် ၈ဝ ပြန်ပေးခဲ့ကာ အိတ် ၂၀ အတွက် ဆန်တအိတ်ကို ငွေ ၃ သောင်းဖြင့် ရှင်းပေးခဲ့သည်ဟု သိရသည်။

ပလက်ဝမြို့နယ်တွင် ၂၀၂၀ ခုနစ်၊ ဇန်နဝါရီလမှစပြီး ဧပြီ ၁၂ ရက်နေ့ထိ စစ်ဘေးရှောင် အိမ်ထောင်စု ၈၄၀၊ လူဦးရေ ၃၆၅၇ ဦး၊ ဆမီးတွင် အိမ်ထောင်စု ၆၇၆၊ လူဦးရေ ၂၈၄၁ ဦးရှိနေပြီး၊ တိုက်ပွဲကြောင့် သေဆုံးသူ ၂၈ ဦး ရှိပြီဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မတ်၂၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ က AA ကို မတရားအသင်းအဖြစ် ကြေငြာပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကလည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာကာ ဆက်သွယ်သူများ၊ ပတ်သက်သူများကို ဥပဒေအရ အရေးယူမည်ဟု ပြောဆိုထားသည်။

Credit

Post a Comment

0 Comments