အလုပ်လက်မဲ့ခံစားခွင့်လျှောက်ထားသူ ကန် မှာ ၄ သန်းခွဲနီးပါးထပ်တိုး

ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေမှု ပြဿနာကြောင့် အမေရိကန် စီးပွားရေးလုပ်ငန်းအများစု ရပ်ဆိုင်းသွားလို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အလုပ် လက်မဲ့ ခံစားခွင့် တောင်းခံသူ နောက်ထပ် ၄.၄ သန်းတိုးလာတယ်လို့ အမေရိကန် အလုပ်သမား ဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။ အခုလို တိုးလာတာကြောင့် အမေရိကန်နိုင်ငံမှာ သီတင်း ၅ ပတ်အတွင်း ခံစားခွင့် တောင်းခံသူ စုစုပေါင်း ၂၆.၅ သန်း ရှိသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်သီတင်းပတ်အတွင်း စီးပွားရေးလုပ်ငန်းတချို့ကို ပြန်ဖွင့်နိုင်ဖို့ ပြည်နယ်တွေကနည်းလမ်းရှာဖွေနေကြရပါတယ်။ ကပ်ရောဂါက အမေရိကန် စီးပွားရေးကိုအကြီးအကျယ် ရိုက်ခတ်နေတာကြောင့် နောက်လာမယ့် အပတ်တွေမှာလည်း အလုပ် ဆုံးရှုံးကြရသူ တွေ သန်းနဲ့ချီပြီးအလုပ်လက်မဲ့ ခံစားခွင့်တွေ လျှောက်ထား ကြလိမ့်ဦးမယ်လို့ ခန့်မှန်း ရပါတယ်။ ၁၉၃၀ ပြည့်နှစ်ဝန်းကျင် စီးပွားပျက်ကပ်ကြီးနောက်ပိုင်း အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ ဒီလောက်အထိ များတာမျိုး မကြုံခဲ့ရ ပါဘူး။ အခုအတိုင်းအတာ အရ အလုပ်လုပ်သူ ၆ ဦးမှာ ၁ ဦးနီးပါး အလုပ်လက်မဲ့ ဖြစ်နေတာပါ။ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် သိသိသာသာ ကူးစက် ပြန်ပွားလာတဲ့ မတ်လလယ်လောက်ကတည်းက ကုမ္မဏီတချို့က ဝန်ထမ်းတွေကို အလုပ်ရပ်ဆိုင်းခဲ့ပါတယ်။ အလုပ်လက်မဲ့ ဦးရေတိုးလာတာနဲ့ အတူ အစုရှယ်ယာဈေးကွက်လည်း ကျဆင်းနေပါတယ်။ လာမယ့် ဧပြီ ကနေ ဇွန်လအတွင်း အမေ ရိကန် အနေနဲ့ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း အဆိုးဆုံး စီးပွားရေးကျဆင်းမှုနဲ့ ကြုံတွေ့ရမယ်လို့ သုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။

Post a Comment

0 Comments