WHO ကို ရန်ပုံငွေပေးဖို့ မသေချာကြောင်း ကန် နိုင်ငံခြားရေးဝန်ကြီးပြော

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ ကိုင်တွယ်ဆောင်ရွက်ပုံကို ကြည့်ရင် ဒီအဖွဲ့ကြီးဟာ အခြေခံကစပြီး ပြုပြင်ပြောင်းလဲဖို့ လိုနေပြီလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောကြားလိုက်သလို ဒီအဖွဲ့အတွက် အလှူငွေ အများဆုံးထည့်ဝင်နေတဲ့ အမေရိကန်ပြည်ထောင်စုက ဒီအဖွဲ့အတွက် ရန်ပုံငွေ ဘယ်တော့မှပြန်ချ မပေးပဲနေတာမျိုး ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။ WHO ကို ၂၀၀၇ ခုနှစ်မှာ ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဒီအဖွဲ့မှာ အားနည်းချက်တွေ တွေ့ရတာဟာ အခုအကြိမ်ဟာ ပထမဆုံးအကြိမ် မဟုတ်ကြောင်းနဲ့ ဒီအဖွဲ့နဲ့ပတ်သက်ပြီး သေသေချာချာ ပြန်ဆန်းစစ်ဖို့ လိုမယ်လို့ ထင်ကြောင်းလည်း ဝန်ကြီး Pompeo ပြောပါတယ်။ ဒီအဖွဲ့ကြီးဟာ တရုတ်အတွက် ဦးစားပေးပြီး လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါနဲ့ပတ်သက်တဲ့ တရုတ်ရဲ့ အချက်လက်မှားတွေကို ထောက်ခံပံ့ပိုး ပေးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲပြီး WHO ကိုပေးနေတဲ့ ရန်ပုံငွေတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ WHO ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲလုပ်ဖို့ သူမကန့်ကွက်တဲ့ အပြင် WHO မှာ အပြောင်းအလဲတွေ အသေအချာ လုပ်ဖို့လိုနေကြောင်းလည်း ဝန်ကြီးကပြောပါတယ်။ ဒီကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှုကိုရော ဒီရောဂါပိုးဟာ လူသားအချင်းချင်း ကူးစက်မှု ရှိတယ်ဆိုတာကိုပါ တရုတ်အစိုးရက WHO ကိုအချိန်မှီ သတင်းမပို့ခဲ့ဘူူးလို့ အမေရိကန်အစိုးရ ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း အဖွဲ့ဝင်နိုင်ငံ တနိုင်ငံရဲ့ အခုလို စည်းမျဉ်းဥပဒေ ချိုးဖောက်မှု အတွက် WHO အကြီးအကဲ တယောက်အနေနဲ့ အရေးယူဖို့ Tedros Adhanom Ghebreyesus က ပျက်ကွက်ခဲ့တယ် လို့လည်း ဝန်ကြီး Pompeo ကပြောပါတယ်။

Post a Comment

0 Comments