သင်္ကြန်ကာလ အစိုးရ ဝန်ထမ်းများ ခရီးမထွက်ဖို့ သမ္မတရုံး ညွှန်ကြာ

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အစိုးရဝန်ထမ်းများ အနေဖြင့် အရေးကြီးကိစ္စရပ်များ (နာရေး)မှလွဲ၍ ခရီးသွားလာ ခြင်း မပြုရန် နိုင်ငံတော် သမ္မတရုံးက ယနေ့ ရက်စွဲဖြင့် အမိန့် ညွှန်ကြားချက်တရပ် ထုတ်ပြန်လိုက်သည်။

သင်္ကြန်ကာလရုံးပိတ်ရက်အတွက် ပြန်ပေးရမည့် အစားထိုး ရုံးပိတ်ရက်အား COVID – 19 ရောဂါပိုး ကင်းစင်သည့် အချိန်တွင် ဝန်ထမ်းအင်အား တစ်ဝက်ရုံးတက်၊ တစ်ဝက်ခွင့်ပြန်စနစ်ဖြင့် ပြန်လည်ဆောင်ရွက်ပေးရမည်ဟု ယင်း သမ္မတရုံး ညွှန်ကြားချက်က ဆိုသည်။

ယခုလို အမိန့်ထုတ်ပြန်ရခြင်းမှာ ဝန်ထမ်းများသည် နေရပ်အသီးသီးသို့ ပြန်သွားပြီးနောက် COVID – 19 ရောဂါပိုး ကူးစက်ခံရပါက တာဝန်ထမ်းဆောင်ချိန်တွင် ရုံးဌာနအတွင်းရှိ အခြား ဝန်ထမ်းများထံသို့ပါ ထပ်မံကူးစက်ခြင်း ခံရပါက ဌာန၊ အဖွဲ့ အစည်းများ၏ ရုံးလုပ်ငန်းများပါ ရပ်ဆိုင်းသွားနိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်နိုင်၍ဖြစ်ကြောင်း သိရသည်။

ယခု ထုတ်ပြန်ချက်သည် နိုင်ငံ့ဝန်ထမ်းများအတွက် ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ရုံးလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်ကြောင်း ဖော်ပြချက်သည် ပေါက်ခေါင်းဖြစ်စဉ်နှင့် သက်ဆိုင်ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြော သည်။

“ပေါက်ခေါင်း ဖြစ်စဉ်မှာ ထွေအုပ်တရုံးလုံး Shut Down လုပ်လိုက်ရတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ပေါက်ခေါင်းဖြစ်စဉ်မှာ ဇနီးဖြစ်သူ Case 15 အမျိုးသမီး ထံမှ Covid-19 ရောဂါပိုး တဆင့် ကူးစက်ခံခဲ့ရသည့် ပေါက် ခေါင်းမြို့နယ်မှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပြီး ၎င်းရုံးတက်ခဲ့သည့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကိုလည်း ပိုးသတ်ဆေးဖြန်းရန် ယာယီပိတ်ခဲ့ရပြီး ဖြစ်သည်။

ထို့အတူ မတ် ၂၈ ရက်က ယင်းဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အစည်းအဝေး ပြုလုပ်ခဲ့ကြသူ လွှတ်တော် ကိုယ်စား လှယ် ၄ ဦး၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ် လဝက ဝန်ထမ်းများ စုစုပေါင်း
လူ ၂၀ ဝန်းကျင်ကိုလည်း Facility Quarantine ပြုလုပ်ပြီး ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရ သည်။

ဝန်ထမ်းများမှာ တနှစ်လုံးတွင် သင်္ကြန်ပိတ်ရက်သည် ရက်ကြာသဖြင့် ပြန်ရခြင်းဖြစ်သော်လည်း နယ်ပယ် ဒေသအစုံ သို့ ပြန်ကြရာတွင် မိမိရုံးသို့ ပြန်လည် ရောက်ရှိလာသည့်အခါ ရောဂါပိုး ကူးစက်ခံရပါက ထိခိုက်မှု ကြီးမားနိုင်သည့် အပြင် အစိုးရလုပ်ငန်းများပါ ရပ်တန့်သွားနိုင်ကြောင်း နေပြည်တော်မှ အစိုးရ အရာရှိတဦးက ပြောသည်။

“ဝန်ထမ်းတွေအတွက်ကျတော့လည်း ရက်ရှည်ပြန်ရတာဆိုလို့ ဒီတချိန်လေးပဲ ရှိတာ။ မိသားစုကို ပြန်တွေ့ ခွင့် ရတာ လေ။ ဟိုကလည်း ဒီလာလို့ မရ၊ ဒီကလည်း ဟိုပြန်လို့မရဆိုတော့ ဝန်ထမ်းတွေအတွက်ကတော့ လူမှုရေးပိုင်းအရ ကြည့်ရင်တော့ မကောင်းဘူးပေါ့”ဟု ယင်းအရာရှိက ပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရဝန်ထမ်း ၁ သန်းခန့် ရှိပြီး အများစုမှာ အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ဖြစ်သည်။

Credit

Post a Comment

0 Comments