ပြင်သစ်နိုင်ငံတွင် ဓားဖြင့်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား ၂ဦးသေ ၅ဦး ဒဏ်ရာရ

ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းမှာ ဓားနဲ့တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာမှာ လူ၂ဦးသေဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ရာမှာ ပြည်ထဲရေးဝန်ကြီးကတော့  အကြမ်းဖက်မှုလို့ ပြောကြားသွားခဲ့ပါတယ်။ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ တိုက်ခိုက်သူဟာ ဂရင်းနိုဘဲအနီး ရိုမန်ဆာအစ္စရာမြို့ကလေးထဲက ဆေးလိပ်နဲ့ ဆေးရွက်ကြီးဆိုင်ထဲကို ဝင်လာပြီး ဆိုင်ရှင်နဲ့ ဝယ်သူတွေကို ဓားနဲ့ ထိုးနှက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။  အဲဒီနောက် တိုက်ခိုက်သူဟာ ဘေးနားက အသားဆိုင်တစ်ဆိုင်ထဲကို ဝင်သွားပြီး နောက်ထပ် လူတွေကို တိုက်ခိုက်ပြန်တယ်လို့ ဆိုပါတယ်။
ပြင်သစ်မီဒီယာတွေက ဆူဒန်ကလာတဲ့ ၃၃နှစ်အရွယ်အမျိုးသားလို့ ဖော်ပြကြတဲ့ တရားခံကို ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။  အစိုးရရှေ့နေတွေရဲ့ ပြောကြားချက်အရ သူ့ကိုဖမ်းဆီးချိန်မှာ တိုက်ခိုက်သူဟာ ပလက်ဖောင်းပေါ်မှာ ဒူးထောက်ပြီး အာရပ်ဘာသာနဲ့ ဆုတောင်းနေတယ်လို့ ဆိုပါတယ်။
အဆိုပါအမျိုးသားကို ရဲနဲ့ ထောက်လှမ်းရေးတွေက သိထားပြီးသားဖြစ်တယ်လို့ သတင်းဝဘ်ဆိုက် France Bleu မှာ ဖော်ပြထားပါတယ်။  တိုက်ခိုက်ရတဲ့အကြောင်းရင်းကို ကွဲကွဲပြားပြားမသိရသေးပေမယ့်လည်း ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖီ ကာ့စတာနာကတော့ မြို့ကလေးသို့ သွားရောက်စဉ်မှာ ဒီမနက်မှာပဲ အမျိုးသားတစ်ယောက်ဟာ အကြမ်းဖက်သမားတစ်ယောက်ရဲ့ ခရီးကို စတင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မစ္စတာ ကာ့စတာနာက တိုက်ခိုက်သူဟာ တစ်ကိုယ်တော်လှုပ်ရှားတာလားဆိုတဲ့အချက်ကို ဖော်ထုတ်တဖို့က အကြမ်းဖက်မှုတိုက်ဖျက်ရေးရှေ့နေရုံးရဲ့ တာဝန်ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။  တရားခံရဲ့ အိမ်ကို စီးနင်းရှာဖွေတဲ့အခါမှာလည်း လက်ရေးနဲ့ကူးထားတဲ့ ဘာသာရေးဆိုင်ရာ ကောက်နှုတ်ချက် စာရွက်စာတန်းတွေကို တွေ့ကြရတယ်လို့ ဆိုပါတယ်။
စနေနေ့မှာပဲ တိုက်ခိုက်သူနဲ့ အတူနေထိုင်နေတဲ့ ဒုတိယမြောက်လူတစ်ယောက်ကို ဖမ်းဆီးခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲမှာ နှစ်ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။  သမ္မတ အင်မန်နုရယ် မာခရွန်ကတော့ နဂိုကမှ အခက်အခဲကြုံတွေ့နေရတဲ့ တိုင်းပြည်ကို ပိုမိုညှိုးချုံးဝမ်းနည်းစေတဲ့ စိတ်မသက်သာစရာ ဖြစ်ရပ်တစ်ခုပဲလို့ ပြောကြားခဲ့ပါတယ်။  ယခုလက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် အခြေခံလိုအပ်ချက်တွေ ဝယ်ဖို့ခြမ်းဖို့ လေ့ကျင့်ခန်းလုပ်ဖို့ကလွဲရင် ပြင်သစ်နိုင်ငံတစ်ဝန်းလုံးနီးပါးကို ပိတ်သိမ်းထားတာပဲ ဖြစ်ပါတယ်။
ပါရီဟာ အိုင်အက်စ်အကြမ်းဖက်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ တသီတတန်းကြီး ခံခဲ့ရလို့ ၂၀၁၅ခုနှစ်ကစပြီး ကျီးလန့်စာစားဖြစ်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။
credit

Post a Comment

0 Comments