ဂျပန်၀န်ကြီးချုပ်၏ တစ်အိမ်ထောင်မျက်နှာဖုံးနှစ်ခု​ဝေပေးမည့် အစီအစဉ်ကို ပြည်သူများ လှောင်ပြောင်

ဂျပန်နိုင်ငံမှာ တရိပ်ရိပ်တိုးလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့ ပူပူနွေးနွေးလုပ်ဆောင်ချက်ဟာ ခုတ်ရာတခြား ရှရာတစ်ခြားဖြစ်သွားပြီး ဆိုရှယ်မီဒီယာမှာ အုန်းအုန်းကြွက်ကြွက်ဝေဖန်နေကြတဲ့အပြင် တော်တော်များများက ဧပရယ်အရူး ပြက်လုံးတစ်ခုလို့ပဲ ထင်နေကြတယ်လို့ ဆိုပါတယ်။
Covid-19 ရောဂါသည်အရေအတွက် တိုးလာနေတာကို ကိုင်တွယ်ထိန်းချုပ်ဖို့အတွက် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းကပဲ လူဦးရေ ၁၂၆.၅သန်းရှိတဲ့ နိုင်ငံထဲက အိမ်ထောင်စုတစ်စုစီကို ဂျပန်အစိုးရက ပုံစံဟောင်း ချည်ထည်မျက်နှာဖုံးစွပ် နှစ်ခုစီပေးမယ်လို့ ကြေညာခဲ့ပါတယ်။
“ဒီကနေ့မှာ ကျနော်ကိုယ်တိုင်လည်း မျက်နှာဖုံးစွပ်တစ်ခု ဝတ်ထားပါတယ်။ ဒီအဝတ်မျက်နှာဖုံးက တစ်ခါသုံးမဟုတ်ပါဘူး”လို့ အာဘေးက ပြောကြားပြီး သူ့အစီအစဉ်ကိုလည်း လုပ်ငန်းအဖွဲ့အစည်းအဝေးမှာ ချပြခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ကတော့ မျက်နှာဖုံးတွေကို တိုကျိုနဲ့ အိုဆာကာအပါအဝင် ကူးစက်မှုနှုန်းမြင့်မားတဲ့နေရာတွေက စတင်ပြီး အိမ်ထောင်စု သန်း၅၀ကျော်ဆီကို စာတိုက်ကနေ အရောက်ပို့ပေးသွားမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။  ဒီအဝတ်မျက်နှာဖုံးတွေဟာ လျှော်ဖွတ်ပြီး ပြန်သုံးလို့ရတယ်လို့လည်း အာဘေးက ပြောပါတယ်။  “ဆပ်ပြာနဲ့လျှော်ဖွတ်ပြီး ပြန်နသုံးလို့ရပါတယ်။ ဒါ့ကြောင့် ကြီးမားတဲ့ မျက်နှာဖုံးလိုအပ်ချက်ကို အကောင်းဆုံးဖြေရှင်းလိုက်တာပါ”လို့လည်း အာဘေးက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ အခုအတိုင်းသာ ဆက်လက်ကြီးထွားနေမယ်ဆိုရင် ဂျပန်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုယန္တရားတစ်ခုလုံး ပြိုလဲသွားနိုင်တယ်လို့ အစိုးရပညာရှင်အဖွဲ့က သတိပေးပြီး နောက်တစ်ရက်မှာပဲ ဒီကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကူးစက်ရောဂါ ကျွမ်းကျင်သူတွေကတော့ တိုကျိုမှာ အကျပ်အတည်းကြုံလာမှာကို စိုးရိမ်နေကြပါတယ်။
ဒါပေမယ့်လည်း အာဘေးရဲ့ တစ်အိမ်ထောင်မျက်နှာဖုံးနှစ်ခုအစီအစဉ်ကို လူကြိုက်မများတာတော့ သေချာပါတယ်။ တချို့ကဆိုရင် အရင်က အာဘေးရဲ့ စီးပွားရေးနဲ့ ငွေကြေးပေါ်လစီကို အေပီသတင်းဌာနက အာဘေးနောမစ် (Abenomics)ရယ်လို့ ကင်ပွန်းတပ်ခဲ့တာကို ဥပမာယူပြီး အခုလည်း အာဘေးမျက်နှာဖုံးရယ်လို့ ဆိုရှယ်မီဒီယာမှာ နောက်ပြောင်နေကြပါတယ်။
ယူဆုဘေးဆိုတဲ့ အကောင့်တစ်ခုကဆိုရင် “ဒါလည်း ဂျပန်အစိုးရ။ အခွန်ငွေတွေကို ဖြုန်းတီးမှုသက်သက်ပဲ”လို့တောင် ရေးသားခဲ့တယ်လို့ ဆိုပါတယ်။
credit

Post a Comment

0 Comments