ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်း အီစတာပွဲတော်တွေ တခမ်းတနား မကျင်းပနိုင်

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကြောင့် ပုပ်ရဟန်းမင်းကြီး Francis အပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားက ခရစ်ယာန် ဘာသာဝင်တွေအတွက် ဒီနှစ် အီစတာပွဲတော်ကို ခါတိုင်းနှစ်တွေလို ကျင်းပနိုင်မှာ မဟုတ်ပါဘူး။ စီတန်းလှည့်လည်ပွဲတွေကို ဖျက်သိမ်းထားသလို ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့လည်း ဧပြီ ၅ ရက် အီစတာ တနင်္ဂနွေ Palm Sunday စုဝေး ဆုတောင်းပွဲတွေကို ခါတိုင်းနှစ်တွေလို St. Peter ရင်ပြင်အပြည့် ပရိသတ်တွေနဲ့ မကျင်းပဘဲ St. Peter ခရစ်ယာန်ဘုရားကျောင်းမှာပဲ အကျဉ်းချုံးပြီး ကျင်းပခဲ့ရပါတယ်။ တချို့နေရာတွေမှာတော့ လူချင်း ခပ်ခွာခွာနေကြပြီး ကလေးတွေအတွက် ရိုးရာမပျက် ကြက်ဥကောက်ပွဲ ကျင်းပသွားမယ်လို့ ပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာတော့ ခရစ်ယာန်ဘုန်းတော်ကြီးတွေ ကားနဲ့လှည့်လည်ပြီး ဝတ်ပြုဆုတောင်းပေးဖို့ စီစဉ်ထားသလို ပြည်သူတွေက အိမ်ပြတင်းနဲ့ ဝရန်တာတွေကနေ ပါဝင်ဆုတောင်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း အလားတူ ပြုလုပ်သွားဖို့ အဆိုပြုထားပါတယ်။ ကမ္ဘာတဝန်း COVID-19 ကူးစက်သူ ၁ သန်းကျော်သွားပြီဆိုတဲ့သတင်း ဖတ်ရှုနိုင်ပါတယ်။ ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအနှံ့ အီစတာပွဲတော်တွေကို လူစုလူဝေးနဲ့ ကျင်းပမှာမဟုတ်ဘဲ Face Time နဲ့ Zoom တို့လို application တွေကို အသုံးပြုပြီး TV နဲ့ အွန်လိုင်းက တဆင့်သာ ဝတ်ပြုဆုတောင်းပွဲတွေကို ပြုလုပ်သွားဖို့ စီစဉ်ထားကြပါတယ်။

Credit

Post a Comment

0 Comments