ထိုင်းနယ်စပ်မှာ ပိတ်မိနေသူ မြန်မာနိုင်ငံသား ၂၀၀ ခန့် နေရပ်ပြန်ခွင့်ပြု

 ထိုင်းမြန်မာနယ်စပ် မဲဆိုင်မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၂၀၀ ခန့်ကို နောက်ဆုံးအသုတ်အနေနဲ့ ထိုင်းမြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားကနေ မြန်မာဘက်ကို ပြန်ပို့ပေးခဲ့တာပါ။ သူတို့ဟာ မဲဆိုင်ဘက်က ဘုန်းတော်ကြီးကျောင်း တခုမှာ  Quarantine ယာယီစောင့်ကြည့်ခံတွေအဖြစ်ထားပြီးမှ လွဲှပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးမှာပါ။ ☞ ထိုင်းရောက် မြန်မာအလုပ်သမား ၁၅၀ ကျော် နစ်နာကြေးပြန်ရတဲ့ အကြောင်းလည်း ဖတ်နိုင်ပါပြီ။ COVID-19 အရေးပေါ်ကာလ လူစူလူဝေးနဲ့ ခရီးသွားလာခွင့်တွေကို ပိတ်တဲ့အနေနဲ့ ထိုင်းမြန်မာနယ်စပ်က မဲဆိုင် တာချီလိတ် ချစ်ကြည်ရေးတံတား (၁) ကို ပိတ်ထားခဲ့တာပါ။ ကုန်စည်စီးဆင်းတဲ့ အမှတ် (၂) တံတားကိုသာ ဖွင့်ပေးထားတာပါ။ အခုအခါမှာတော့ နောက်ဆုံးအသုတ်အနေနဲ့ မြန်မာနိုင်ငံသား ၂၀၀ ခန့်ကို မဲဆိုင်တာချီလိတ် တံတား (၂) ကနေ ပြန်လည်ပို့ပေးခဲ့ကြောင်း တာချီလိတ် မြို့ခံလည်းဖြစ်၊ အလွတ်သတင်းထောက်လည်းဖြစ်တဲ့ ဦးစည်သူမောင်က အခုလိုပြောပြပါတယ်။  "ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်ကတည်းက တဖွဲဖွဲပြန်လာကြတာ ပေါ့နော်။ နယ်စပ်တံတားပိတ်နေချိန် ၂၈ ရက်နေ့ ထိ လက်ခံပေးတယ်။ အစိုးရရဲ့ ညွှန်ကြားချက်အရ လက်ခံလို့ မရသေးဘူး ဆိုင်းငံ့ထားတယ်ဆိုတာကြောင့် တဘက်မဲဆိုင်ဘက်မှာ လူ ၂၀၀ လောက်ယာယီ Quarantine လုပ်ထားတယ်။ ဒီနေ့တော့ ၁၈၈ ယောက်ကို တာချီလိတ် မဲဆိုင်တံတားကနေ တာချီဘက်ကိုလာကြတာ ၁၀နာရီ လောက်ကနေ လက်ခံထားတယ်။ ထိုင်းအခြေအနေကလည်း ကာဖျူးလည်းထုတ်ထားတော့ နောက်ထပ်လာဖို့တော့ မမြင်တော့ဘူးလို့ သူတို့ဘက်ကတော့ ပြောထားတယ်။  ဒါကနောက်ဆုံးအသုတ်လို့တော့ပြောကြတယ်။" ထိုင်းနိုင်ငံမှာတော့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အရေးပေါ်အမိန့်ကို ထုတ်ပြန်ခဲ့ပြီးတဲ့နောက် နယ်မြေဖြတ်သန်းသွာလာခွင့်တွေကို ပိတ်ထားတာကြောင့် တာ့ခ်ခရိုင်ကနေ နေရပ်ပြန်မြန်မာတွေဟာ ဖမ်းဆီးခံခဲ့ရတာတွေလည်း ရှိပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ COVID-19 အရေးပေါ်ကာလမှာ မြန်မာဘက်က စောင့်ကြည့်ရေးစင်တာတွေ အဆင်သင့် မဖြစ်သေးတာကြောင့် ဧပြီလ ၁၅ ရက်ကျော်မှာ ပြန်လာကြဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မေတ္တာရပ်ခံခဲ့တာပါ။ ဒါပေမဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာအလုပ်သမားတွေဟာ နေထိုင်စားသောက်ဖို့ ခက်ခဲနေတာကြောင့် နေရပ်ကိုပြန်နေကြဆဲ ဖြစ်ပါတယ်။ ဧပြီလ ၆ ရက်နေ့မှာ နေရပ်ပြန်ကြသူတွေကိုတော့ တာချီလိတ်မြို့က စောင့်ကြည့်ရေးစင်တာမှာ ထားပြီး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့တာချီလိတ်က စောင့်ကြည့်ရေးစင်တာမှာ ထားတဲ့ လူ ၁၀၀ ခန့်ကတော့ စောင့်ကြည့်ကာလ ၁၄ ရက် ကျော်သွားပြီမို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးဌာန အစီစဉ်နဲ့ နေရပ်ကို ပြန်ပို့ပေးခဲ့ပါတယ်။
Credit

Post a Comment

0 Comments