ရန်ကုန်တွင် ကိုဗစ် သံသယနှင့် စောင့်ကြည့်လူနာ ၄၀၀ ကျော်ရှိ

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အစိုးရဆေးရုံကြီး ၁၃ ခုတွင် ယနေ့ အထိ ကိုဗစ် ရောဂါ သံသယ (Suspected) နှင့်  စောင့်ကြည့်လူနာ (PUI) ပေါင်း ၄၃၃ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ဧပြီ ၁၂ ရက်နေ့ မနက်အထိ စာရင်းများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူနာပေါင်း ၁၂၀ ဦး၊ ဝေဘာဂီ ဆေးရုံတွင် ၉၀ ဦး၊ အင်းစိန်ဆေးရုံတွင် ၈၆ ဦး၊ မြောက်ဥက္က လာ အထွေထွေရောဂါကုဆေးရုံတွင် ၆၂ ဦး၊ သင်္ယန်းကျွန်းဆေးရုံတွင် ၃၇ ဦး၊ လှိုင်သာယာ ဆေးရုံတွင် ၁၂ ဦး နှင့် ရန်ကင်းကလေးဆေးရုံတွင် ၁၀ ဦး ဖြင့် ယင်းဆေးရုံများ၌ သံသယနှင့် စောင့်ကြည့်လူနာ အများဆုံးရှိပြီး ကျန်မြို့နယ် ဆေးရုံအဆင့်ရှိ ဆေးရုံ ၆ ခုတွင် ၁၆ ဦးရှိသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် ကိုဗစ်ရောဂါ သံသယ နှင့် စောင့်ကြည့်လူနာ အရေအတွက်သည် ၁၁၀၅ ဦး အထိ ရှိပြီး မန္တလေးတိုင်းဒေသကြီးတွင် လူနာဦးရေ ၁၀၀ ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ ပဲခူးတိုင်းတွင် ၈၀ ခန့်ဖြင့် တတိယအများဆုံး တိုင်းဒေသကြီးဖြစ်ကြောင်း ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ကျန်းမာရေးဆိုင်ရာ အသိပညာများ မျှဝေပေးနေသည့် အွန်လိုင်းစာမျက်နာ Hello ဆရာဝန်၏ အယ်ဒီတာ ဦးသူရိန် လှိုင်ဝင်း က “တကယ်တော့ သံသယလူနာတို့၊ စောင့်ကြည့်လူနာတို့ကတော့ အရမ်းကြီး စိုးရိမ်စရာတော့ မရှိပါဘူး။ ဒီထဲမှာ စောင့်ကြည့်လူနာ ဆိုတာကတော့ ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ မိထားတဲ့သူတွေလည်း ပါချင်ပါမှာပေါ့။ အခု ရာသီတုပ်ကွေး လည်း ရှိနေတော့ ကိုယ်ပူတာတို့ ချောင်းဆိုးတာတို့ ရောဂါလက္ခဏတွေ ပြရင် သံသယလူနာအဖြစ် ဖြစ်သွားတာတွေလည်း ရှိနိုင်တယ်” ဟု ဧရာဝတီသို့  ပြောသည်။

၎င်းက ဆက်၍ “သံသယတို့ စောင့်ကြည့်လူနာတို့ ဆိုတာက ဒီလူတွေမှာ ရှိလိမ့်မယ်လို့ ဆိုလိုချင်တာ မဟုတ်ဘူး။ စမ်းကြည့်လိုက်လို့ တွေ့တဲ့ အခါလည်း တွေ့တယ်၊ မတွေ့တဲ့အခါလည်း မတွေ့တာတွေလည်း ရှိတယ်။ သူက ကူးစက်မြန် ရောဂါဆိုပေမယ့် တွေ့တဲ့ လူတိုင်းကို ကူးတာမျိုးတော့ မဟုတ်ပါဘူး” ဟု ဆိုသည်။

ကျန်းမာရေးဝန်နှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၁၁ ရက်နေ့ နောက်ဆုံး ထုတ်ပြန်ထားချက်အရ ကိုဗစ်လူနာအမှတ် ၁ မှ လူနာ အမှတ် ၂၈ အထိ ၎င်းတို့နှင့် ထိတွေ့မိထားသူပေါင်း ၁၄၁၃ ဦးရှိပြီး Home quarantine ၁၂၀၂ ဦး၊ Facility quarantine ၁၀၄ ဦး၊ ဆေးရုံ quarantine ၆၀ ဦး နှင့် စောင့်ကြည့်လူနာ (PUI) ၄၇ ဦးဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စ နှင့် ပတ်သက်ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူထံ ဧရာဝတီက ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးရှိသူ ၃၈ ဦးအထိ ရှိလာပြီဖြစ်ပြီး ၃ ဦး သေဆုံးကာ ၂ ဦးမှာ ပြန်လည်သက်သာလာပြီဖြစ်သည်။

Credit

Post a Comment

0 Comments