သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ ကြောက်စရာလား

ဒီနေရာမှာ အရေးကြီးတာက သွေးဆုံးတယ်ဆိုတဲ့သတ်မှတ်ချက်ပါ။ရာသီသုံးလေးလ သို့မဟုတ် လေးငါးလ ဆက်တိုက်မပေါ်တာနဲ့တင် သွေးဆုံးပြီလို့ သတ်မှတ်မရပါ။

အမျိုးသမီးတယောက် သွေးဆုံးတယ်လို့ဘယ်အခြေအနေမှာသတ်မှတ်လဲဆိုရင် ကိုယ်၀န် သို့မဟုတ် တားနည်းတခုခုသုံးထားခြင်းမရှိဘဲ တနှစ်နဲ့အထက် ဆက်တိုက်ရာသီမပေါ်ဘူးဆိုမှသာ ထိုအမျိုးသမီးကို သွေးဆုံးပြီလို့သတ်မှတ်လို့ရပါမယ်။

အမျိုးသမီးအချို့အနေနဲ့ သွေးဆုံးပြီးတဲ့နောက်မှာ သွေးပြန်ဆင်းတာကို ကြုံရလေ့ရှိပါတယ်။

သွေးဆုံးပြီးနောက် သွေးပြန်ဆင်းတာကို ဆေးပညာအရ Post Menopausal Bleeding လို့ခေါ်ပါတယ်။

သွေးဆုံးပြီးနောက်သွေးပြန်ဆင်းခြင်း(Post Menopausal Bleeding)ကိုဖြစ်စေနိုင်တဲ့ အကြောင်းတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။Atrophic Vaginitis(မိန်းမကိုယ်အတွင်းနံရံပါးပြီးခြောက်သွေ့ကျုံလှီလာကာရောင်ရမ်းခြင်း)

သွေးဆုံးပြီးတဲ့အခါမှာ အီစတိုဂျင်ဟော်မုန်းပမာဏ နည်းလာတဲ့အတွက် မိန်းမကိုယ်အတွင်းနံရံဟာ စိုစွတ်မှုနည်းပြီး ခြောက်သွေ့ကျုံလှီလာကာ ရောင်ရမ်းလာပါတယ်။ဒီလိုအခြေအနေမှာ အတူနေလိင်ဆက်ဆံပြီးတဲ့အခါ သွေးဆင်းတာဖြစ်နိုင်ပါတယ်။

၂။Polyps(သားအိမ်အတွင်းနံရံ သို့မဟုတ် သားအိမ်ခေါင်းနေရာမှာ အလုံးအကျိတ်ရှိခြင်း)

Polyps အလုံးအကျိတ်တွေက အများအားဖြင့်တော့ ကင်ဆာအလုံးအကျိတ်မဟုတ်ဘဲ ရိုးရိုးအလုံးအကျိတ်တွေဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ရှိနေခြင်းဟာ သွေးဆုံးပြီးနောက်သွေးဆင်းခြင်း၊အတူနေလိင်ဆက်ဆံပြီးနောက်သွေးဆင်းခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။

၃။Endometrial thining(သားအိမ်နံရံပါးလာခြင်း)

သွေးဆုံးပြီးတဲ့အခါမှာ အီစတိုဂျင်ဟော်မုန်းနည်းလာတဲ့အတွက် သားအိမ်နံရံဟာပါးလာပြီး ပျက်စီးလာပါတယ်။အဲ့အခါမှာ သွေးဆင်းတာဖြစ်နိုင်ပါတယ်။

၄။Endometrial thickening(သားအိမ်နံရံထူလာခြင်း)

အများအားဖြင့်တော့ သွေးဆုံးပြီးတဲ့အခါမှာ အီစတိုဂျင်ဟော်မုန်းနည်းလာတဲ့အတွက် သားအိမ်နံရံဟာပါးလာပါတယ်။ဒါပေမယ့် တအား၀တဲ့အမျိုးသမီးတွေ သို့မဟုတ် သွေးဆုံးပြီးနောက်အကြောင်းတခုခုကြောင့် ဟော်မုန်းဆေးတွေသောက်နေရတဲ့အမျိုးသမီးတွေမှာဆိုရင် အီစတိုဂျင်ဟော်မုန်းက နည်းမသွားဘဲများလာတဲ့အတွက် သားအိမ်နံရံဟာလည်း ပါးမသြားဘဲ ပိုလို့တောင်ထူလာပါတယ်။

အဲ့လိုထူလာတဲ့အခါမှာ သွေးဆုံးပြီးနောက်သွေးပြန်ဆင်းခြင်းကိုဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင်သားအိမ်နံရံတအားထူလာပါက သားအိမ်ကင်ဆာဖြစ်နိုင်ခြေလည်းရှိပါတယ်။

၅။Cervical carcinoma,Endometrial carcinoma(သားအိမ်ခေါင်းကင်ဆာ၊သားအိမ်ကင်ဆာဖြစ်ခြင်း)

သားအိမ်ခေါင်းကင်ဆာ၊သားအိမ်ကင်ဆာတွေဖြစ်တဲ့အခါမှာလည်း သွေးဆုံးပြီးနောက် သွေးပြန်ဆင်းတာဖြစ်နိုင်ပါတယ်။

သွေးဆုံးပြီးနောက်သွေးပြန်ဆင်းတဲ့ရတဲ့အကြောင်းရင်းတွေထဲမှာ စိုးရိမ်ရတဲ့အကြောင်းရင်းတွေလည်းပါသလို မစိုးရိမ်ရတဲ့အကြောင်းရင်းတွေလည်းပါပါတယ်။

ဒါပေမယ့် အတိအကျကတော့ ဆရာ၀န်နဲ့ပြသစမ်းသပ်ပြီးစစ်ဆေးမှုတွေလုပ်ကြည့်မှ သေချာသိမှာမို့ သွေးဆုံးပြီးလို့ သွေးပြန်ဆင်းတာဖြစ်တာအခါ ပေါ့ပေါ့မနေဘဲ အိုဂျီနဲ့ပြသစမ်းသပ်ဖို့လိုပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ မိန်းမကိုယ်ကိုစမ်းသပ်စစ်ဆေးတာ၊အာထရာဆောင်းရိုက်တာ၊လိုအပ်ရင် သားအိမ်နံရံအသားစယူစစ်ဆေးတာတွေပါ လုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ဖြစ်တဲ့အကြောင်းရင်းပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုကို အိုဂျီက ပေးပါလိမ့်မယ်။

ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး သောက်ဆေး၊လိမ်းဆေးတွေလောက်ပဲလိုတာရှိသလို ခွဲစိတ်ကုထုံး၊ကင်ဆာဆေးသွင်းကုထုံး၊ဓါတ်ရောင်ခြည်ကုထုံး လိုတာမျိုးတွေလည်းရှိနိုင်ပါတယ်။

Credit

Post a Comment

0 Comments