အာရှတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွာ

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာမှာ အရှေ့တောင်အာရှက နိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ကြောင့် နောက်ထပ် သေဆုံးမှုတွေ ထပ်ပြီး ရှိလာနေပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ ဒီနေ့ ရောဂါကူးစက်ခံရသူ နောက်ထပ် ၁၅၂ ယောက်ရှိပြီး ၈ ယောက် သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ အခုဆိုရင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၂၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူ စုစုပေါင်း ၁၅၂ ယောက်ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံက ပြောပါတယ်။ ဖိလစ်ပိုင်မြို့တော် အဝင်အထွက် ပိတ်ပင်တဲ့သတင်း ဖတ်ရှုနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် ကူးစက်ခံရတဲ့သူ ၁၀၂ ယောက်ရှိပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလက ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ခံရချိန်ကစပြီး အခုချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁၆၉ ယောက်ထက်မနည်း ရှိပြီး သေဆုံးသူ ၂၃ ယောက် ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံမှာ ပထမဦးဆုံး သေဆုံးမှု သတင်း ဖတ်ရှုနိုင်ပါတယ်။ မလေးရှားနိုင်ငံမှာဆိုရင်လည်း ဒီကနေ့မှာ ရောဂါကူးစက်ခံရသူ ၁၇၉ ယောက်ကို တွေ့ရှိခဲ့ပြီး နောက်ထပ် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၆၀၀ ကျော်နဲ့ အရှေ့တောင်အာရှ ဒေသတွင်းမှာ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒီကနေ့အထိ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်း ၆၁ ယောက်ရှိတယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံမှာ မနေ့က ရောဂါကူးစက်ခံရသူတဦးကို ထပ်မံတွေ့ရှိခဲ့တာကြောင့် အခုဆိုရင် ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၂၁ ယောက်ရှိသွားပြီဖြစ်ပြီး ဒီထဲကမှ နဂိုရောဂါအခံရှိသူတဦး သေဆုံးခဲ့တာကြောင့် သေဆုံးသူ ၁ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Credit

Post a Comment

0 Comments