ရန်ပုံငွေဖြတ်မယ့်အစီအစဉ် ပြန်စဉ်းစားပေးဖို့ ကန် သမ္မတကို WHO တောင်းဆို

အမေရိကန်သမ္မတ ထရမ့် အစိုးရအဖွဲ့ အနေနဲ့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကြီးအတွက် ချထားပေးမယ့် ရန်ပုံငွေတွေကို ရပ်ဆိုင်းထားလိုက်တာနဲ့ ပတ်သက်ပြီး ပြန်စဉ်းစား ပေးမယ်လို့သူ မျှော်လင့်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ကမ္ဘာ့ကပ်ရောဂါကြီး အဆုံးသတ်စေဖို့နဲ့ အသက်တွေကို ကယ်တင်ဖို့ ဒီရန်ပုံငွေကို အဓိက အသုံးပြုတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ အခုဆိုရင် အာဖရိက တချို့ ဒေသတွေနဲ့ အမေရိကတိုက် အလယ်ပိုင်းနဲ့တောင်ပိုင်း ဒေသ နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုစပြီး တိုးလာနေတာကြောင့် စိတ်ပူစရာ ကောင်းသလို နိုင်ငံအများအပြားမှာလည်း ဒီကပ်ရောဂါ အခုမှ အစပိုင်း အဆင့်ကို ရောက်လာတာတွေ့ နေရတယ်လို့ WHO အကြီးအကဲ က ဗုဒ္ဓဟူးနေ့ ဂျနီဗာ သတင်းစာ ရှုင်းလင်းပွဲမှာ ပြောပါတယ်။ အနောက် ဥရောပ နိုင်ငံတချို့မှာ ဒီရောဂါကူးစက်မှု နှုန်း ကျဆင်းတာ ဒါမှမဟုတ် တိုးမလာပဲ တည်ငြိမ်နေတဲ့ အရိပ်လက္ခဏာတွေ တွေ့နေရပေမယ့် ဒီကပ်ရောဂါဟာ အတော်ကြာအောင် ရှိနေမှာ ဖြစ်တဲ့ အတွက် အမှားမခံနိုင်ကြောင်းလည်း ပြောပါတယ်။ ဒီကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး WHO အဖွဲ့ကြီးရဲ့ ကိုင်တွယ် ပုံ လွဲမှားနေတယ်လို့ ဝေဖန်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သမ္မတ ထရမ့်က အမေရိကန်ကပေး နေတဲ့ ရန်ပုံငွေတွေကို ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပါတယ်။ ဒီလို ဆိုင်းငံ့ထားတာကို ပြန်စဉ်းစားမယ်လို့ သူမျှော်လင့်ကြောင်းနဲ့ လူ့အသက်ပေါင်းများစွာကို ကယ်တင်ဖို့ လုပ်နေတဲ့ WHO ရဲ့ လုပ်ရပ်တွေကို အမေရိကန်က ပြန်ပံ့ပိုးပေးဖို့ WHO အကြီးအကဲက ပန်ကြားလိုက်တာပါ။

Post a Comment

0 Comments