ထိုင်းကပြန်ဝင်လာသူ ၁၀၀ ကျော် ဘုရားသုံးဆူကနေ ခရီးဆက်မရ ဖြစ်နေ

 ထိုင်းကပြန်လာတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသကနေ ခရီးဆက်မရဘဲ ဒုက္ခရောက်နေကြပါတယ်။ အခြေအနေ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။ COVID-19 ဗိုင်းရပ်စ်ရောဂါ တားဆီးကာကွယ်ရေး သွားလာမှု ပိတ်ပင်ကန့်သတ်ထားချိန် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှာ ထိုင်းပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော်ဟာ နေရပ်ပြန်လို့မရဘဲ သောင်တင်နေပါတယ်။ အဲဒီအလုပ်သမားတွေဟာ ရာဘာခြံထဲမှာ ဖြစ်သလို နေထိုင်နေရတယ်လို့ ဘုရားသုံးဆူမြို့ ကယ်ဆယ်ရေးတာဝန်ခံ ဦးအောင်စိုးက ပြောပါတယ်။ “အခုက ကြံတောနဲ့ ဂျပန်ရေတွင်းမှာ ပြည်တော်ပြန်တွေ ပိတ်မိနေတယ်။ ၁၀၂ ယောက်၊ ကျနော်တို့ ထမင်းထုပ် သွားဝေတယ်။ ဘယ်လိုပြောမလဲ အိမ်သာလည်းမရှိဘူး၊ သူတို့နေရာမှာလေ။ ဖြစ်သလိုသွား အိပ်နေကြတယ် အဲဒီလိုမျိုးပေါ့။ ရာဘာခြံထဲ ဖျာခင်းပြီး အိပ်နေကြတယ်။ ကျန်းမာရေးလည်း မကောင်းဘူးလေ။ တကယ်လို့ သူတို့မှာ ဗိုင်းရပ်စ်ရောဂါပိုး ပါလာတဲ့အခါကျရင် ဒီကျေးရွာတွေ ဒုက္ခရောက်မယ်။” ဒီပြည်တော်ပြန်တွေဟာ တရားမဝင်လမ်းကနေ ဝင်ရောက်လာပြီး လမ်းပိတ်ထားတာကြောင့် ခရီးဆက်မရ ဖြစ်နေတာပါ။ ဒီလမ်းကြောင်း ပြန်ဖွင့်ပေးဖို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေ ကြိုးပမ်းနေတယ်လို့ ဦးအောင်စိုးက ဆက်ပြောပါတယ်။ “အခုက တပ်ကပိတ်တယ်။ မွန်ပြည်သစ်ပါတီက ပိတ်တာမဟုတ်ဘူး။ ပြည်နယ်အစိုးရက ပိတ်တာမဟုတ်ဘူး။ ပြည်နယ်အစိုးရက Open ဖွင့်ထားပေးတယ်။ ဒီမှာရှိတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုစောရှားဖောင်ကလည်း ဖွင့်ဖို့အတွက် ကရင်ပြည်နယ်အစိုးရကို သူတင်ပြမယ်။ ဘယ်အချိန်ဖွင့်မလဲ မသိဘူး။” သူတို့ နေရပ်ပြန်နိုင်ရေးအတွက် ဘုရားသုံးဆူမြို့က အာဏာပိုင်တွေနဲ့ ညှိနှိုင်း အကြောင်းကြားထားဆဲလို့ နယ်မြေခံ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့ကာလမှာ အခုလို ပြည်တော်ပြန်တွေ စုဝေးရောက်ရှိနေတဲ့အပေါ် ဒေသခံတွေက စိုးရိမ်နေကြတာကို ကြံတောရွာ ဒေသခံတဦးက မွန်ဘာသာနဲ့ အခုလိုပြောပါတယ်။ “ရောဂါဖြန့်သလို ဖြစ်နေတယ်။ ကျနော်တို့လည်း အပြင်မထွက်ရဲ၊ တံခါးပိတ်ထားတယ်။ ကလေးငယ်တွေလည်း ရှိတယ်ဆိုတော့ အိမ်မှာ ကိုယ့်ပုံစံနဲ့ကိုယ် ကာကွယ်နေရတယ်။” ဘုရားသုံးဆူမြို့က ဒေါက်တာဗညားအောင်မိုးကလည်း ဒီလူတွေကြားမှာ ဗိုင်းရပ်စ်ကာကွယ်ရေး စနစ်တကျ ရှိမနေတာကြောင့် စိုးရိမ်ရတယ်လို့ ပြောပါတယ်။ “အဲဒီလို အုပ်စုလိုက်ပေါ့လေ သောင်တင်နေတယ်။ တယောက်နဲ့တယောက် နေထိုင်တာ အကွာအဝေး ဆက်ဆံရေး နောက်ပြီးတော့ ဒီရောဂါကို ကာကွယ်ဖို့အတွက် ဘယ်လိုဘယ်လိုနေရမယ်၊ ဘယ်လိုကျင့်ကြံရမယ် ဆိုတဲ့ဥစ္စာကို ပညာပေးမှုကလည်း အားနည်းတယ်။ ထိန်းကွပ်မှုလည်း မရှိဘူးဆိုတော့ ဒီပိုးရှိတဲ့သူ တယောက်ယောက်ပါလာရင် တအုပ်စုလုံးမှာ အန္တရာယ်ရှိတယ်။ ဒါကတော့ ကျနော်တို့ စိုးရိမ်ရတာပဲ။” ထိုင်းနိုင်ငံတွင်းမှာ လူပေါင်း ၂၃၀၀ ကျော် COVID-19 ရောဂါ ကူးစက်ခံထားရပြီး သေဆုံးသူ ၃၅ ယောက်ထက်မနည်း ရှိသွားပါပြီ။ ကူးစက်ခံထားရသူတွေထဲမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေလည်း ပါပါတယ်။

Post a Comment

0 Comments