အမေရိကန်သို့ COVID-19 ရှိမရှိ စစ်ဆေးသည့် ကိရိယာများ လှူဒါန်းလိုကြောင်း တရုတ်စီးပွားရေးလုပ်ငန်းရှင် ဂျက်မာကမ်းလှမ်း

အမေရိကန်ပြည်ထောင်စု၌ COVID-19  ကူးစက်ခံရခြင်းရှိမရှိ စမ်းသပ်ကိရိယာများ ပြတ်လပ်နေသည့်အတွက် စမ်းသပ်ကိရိယာ ၅၀ဝ၀ဝ၀ လှူဒါန်းလိုကြောင်း တရုတ်ဘီလျံနာ ဂျက်မာက မတ် ၁၃ ရက်တွင် ကမ်းလှမ်းပြောဆိုခဲ့သည်။

အချိန်တိုအတွင်းတိကျစွာ စစ်ဆေးမှုနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လုံလောက်သော ထိရောက်သည့်ဝတ်စုံများ၊ ကိရိယာများ ထောက်ပံ့ပေးနိုင်မှုကြောင့်  COVID-19 ကူးစက်မှုကို အထိရောက်ဆုံး တားဆီးနိုင်ခဲ့ကြောင်း မိခင်နိုင်ငံရှိ အတွေ့အကြုံများအရ သိရှိခဲ့ရပြီးဖြစ်ကြောင်း အွန်လိုင်းစီးပွားရေးလုပ်ငန်းကြီး အလီဘာဘာကို တည်ထောင်သူ ဂျက်မာက တွစ်တာ၌ ရေးသားခဲ့သည်။

၎င်းတို့လှူဒါန်းသော စစ်ဆေးမှုဆိုင်ရာကိရိယာများသည် အမေရိကန်က ကူးစက်မြန်ကပ်ဘေးကို တိုက်ဖျက်ရာတွင် အကူအညီဖြစ်မည်ဟု မျှော်လင့်ပါကြောင်း ဂျက်မာဖောင်ဒေးရှင်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖောင်ဒေးရှင်းသည် ဂျပန်၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန်နှင့် စပိန်တို့ကဲ့သို့  COVID-19 အကြီးအကျယ်ဖြစ်ပွားနေသည့် နိုင်ငံများသို့ စမ်းသပ်ကိရိယာများနှင့်  ကာကွယ်ရေးဝတ်စုံများ ထောက်ပံ့ကူညီ ပေးခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံရှိ အချမ်းသာဆုံးပုဂ္ဂိုလ် မာက ပြောဆိုခဲ့သည်။

"ကျွန်တော်တို့ လက်ရှိရင်ဆိုင်နေရတဲ့ ကူးစက်မြန်ကပ်ဘေးကို တစ်နိုင်ငံ တည်းအင်အားနဲ့ ဖြေရှင်းလို့မရပါဘူး၊ အရင်းအမြစ်တွေကို နယ်စပ်ဖြတ်ကျော် မပေးပို့ဘဲ တတ်သိပညာတွေ၊ ခက်ခက်ခဲခဲရခဲ့တဲ့ သင်ခန်းစာတွေကို မဝေမျှဘဲ ဒီဗိုင်းရပ်စ်ကို အနိုင်မတိုက်နိုင်ပါဘူး" ဟု မာက ပြောဆိုခဲ့သည်။

COVID-19 ရှိမရှိ စစ်ဆေးမှုဖြစ်စဉ် နှောင့်နှေးမှုအတွက် အမေရိကန်အစိုးရသည် ဝေဖန်ပြစ်တင်ခံနေရပြီး ကျန်းမာရေးအရာရှိများကလည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် လျင်မြန်စွာကူးစက်နေသည့် ဗိုင်းရပ်စ်နှင့်ပတ်သက်၍ အလေးနက်မထားခဲ့ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

ထရမ့်အစိုးရသည်  COVID-19  တိုက်ဖျက်ရေးစီစဉ်ရန်ပျက်ကွက်ခြင်း၊ ဦးဆောင်ခေါင်းရွက်နိုင်မှုမရှိခြင်းနှင့် တားဆီးရန်ပျက်ကွက်ခြင်း အစရှိသည့် တာဝန်မဲ့မှုများစွာကို ကျူးလွန်ခဲ့ကြောင်း နိုဝင်ဘာ ရွေးကောက်ပွဲတွင် ထရမ့်အတွက် အဓိကပြိုင်ဘက်ဖြစ်လာနိုင်သူ ဂျိုးဘိုင်ဒင်က မတ် ၁၂ ရက်တွင် ဝေဖန်ပြောဆိုခဲ့ပြီးဖြစ်သည်။ 

Post a Comment

0 Comments