ထပ်တွေ့လာနိုင်တဲ့ COVID-19 လူနာ အတွက် မြန်မာပြင်ဆင်


ထပ်တွေ့လာနိုင်တဲ့ COVID-19 လူနာ အတွက် မြန်မာပြင်ဆင် မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူနှစ်ဦး စတင်တွေ့ရှိရပြီးတဲ့နောက် ရောဂါပိုးရှိသူ နောက်ထပ်တွေ့ရှိလာနိုင်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အဆင်သင့်ကြိုတင်ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေကို လူထုအနေနဲ့ တသွေမတိမ်း လိုက်နာဆောင်ရွက်ကြဖို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက တိုက်တွန်းနေပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် အိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ နှစ်ဦး ထွက်ပေါ်လာတဲ့အကြောင်း တနင်္လာနေ့ ည ၁၁ နာရီ ၄၅ မိနစ်မှာ မြန်မာနိုင်ငံကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်ထပ်ရောဂါပိုးတွေ့ရှိသူတွေ ထပ်ရှိလာနိုင်တာကြောင့် မြန်မာတနိုင်ငံလုံးမှာရှိတဲ ဆေးရုံတွေမှာ ကုသမှု အဆင်ပြေနိုင်အောင် လုပ်ဆောင်ထားတဲ့ အကြောင်းကို ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အခုလို ပြောပြထားပါတယ်။ “ခုကတော့ နှစ်ယောက်ပေါ့။ ဒီနေ့ညနေ အဖြေထပ်ထွက်တဲ့အခါမှာ နောက်ထပ်လည်း ထပ်တွေ့ချင်တွေ့ရနိုင်တာပေါ့။ ဒါပေမဲ့ ကျမတို့ အနေနဲ့ကတော့ မတွေ့ခင်ကတည်းက တွေ့နေပြီလို့ သဘောထားပြီးတော့ ကြိုတင်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေသလိုပဲ ရောဂါ ခုနှစ်ယောက်တွေ့ပြီ နောင်ဒီထက်တွေ့လာလို့ ရှိရင်လည်း ဆေးရုံတွေမှာလည်း လိုအပ်သလို ပြင်ဆင်ထားရှိပြီးဖြစ်ပါတယ်။ ပြင်ဆင်ထားတယ်ဆိုတဲ့ အထဲမှာ လိုအပ်တဲ့ Facalityတွေရော Team တွေရော အကုန်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ ဆိုလို့ရှိရင်တော့ ဖြစ်ပေါ်လာတဲ့ရောဂါတွေကို ကိုယ့်နိုင်ငံမှာ ဖြစ်ပွားကူးစက်မှု အနည်းဆုံးဖြစ်အောင် ဖြစ်ပွားကူးစက်မှုကနေ သေဆုံးမှု နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါတယ်။” အခု လက်ရှိအခြေအနေ ဖြစ်တဲ့ တီးတိန်မှာလည်း စောင့်ကြည့်လူနာတွေကို တီးတိန်ပြည်သူ့ဆေးရုံကြီးမှာ အဆင်ပြေအောင် ဆောင်ရွက်ပေးထားပြီး အခြေအနေမဆိုးတဲ့ လူနာတွေကို နေရာပြောင်းရွှေ့တာမျိုး မလုပ်ဘဲ တွေ့ရှိရတဲ့ တိုင်းနှင့်ပြည်နယ်မှာပဲ ကုသပေးနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ COVID-19 ရောဂါပျံ့နှံမှုက ခန့်မှန်းလို့ မရနိုင်တာကြောင့် ကိုယ်ကိုယ်တိုင်က ရောဂါကူးစက်မခံရစေဖို့အတွက် ကြိုတင်ကာကွယ်တာတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို အတိအကျ လိုက်နာပေးကြဖို့ လိုအပ်တယ်လို့ ဒေါ်ခင်ခင်ကြီးက ဆက်ပြောပါတယ်။ ''ဘယ်အရာမှ ခန့်မှန်းလို့ မရဘူး၊ ခန့်မှန်းလို့မရတဲ့ အတွက်ကြောင့်မို့လို့ လုပ်နိုင်တာက ဘာလုပ်နိုင်လဲဆို ကိုယ်နိုင်ငံကို ဝင်ရောက်ကူးစက်လာလို့ရှိရင် ကူးစက်မလာဖို့အတွက် ပြင်ဆင်ထားဖို့ပဲ တတ်နိုင်တယ်။ ပြင်ဆင်ထားဖို့ဆိုတာက ပစ္စည်းတွေနဲ့ ဆေးရုံတွေပဲ ပြင်ဆင်ဖို့မဟုတ်ဘူး လူတွေရဲ့စိတ်ဓာတ်ကိုပါ ပြင်ဆင်ထားဖို့ လိုတယ်။ လူတွေအနေနဲ တယောက်စီ တယောက်စီတိုင်းက ဆိုရင် Quarantine လုပ်တယ်ဆိုရင်လည်း မိမိတို့ အိမ်မှာလုပ်လုပ် ဆေးရုံမှာလုပ်လုပ် ဒါ ငါတို့အတွက် အကျိုးရှိဖို့ လုပ်ပေးတာပဲ ငါတို့အတွက်လိုအပ်လို့ လုပ်ပေးတယ်ဆိုတာ သိဖို့ လိုပါတယ်။'' ကမ္ဘာ့နိုင်ငံအသီးသီးကနေ မြန်မာနိုင်ငံကို ပြန်လာကြမယ့်သူတွေကို မတ်လ ၂၅ ရက် ဗုဒ္ဓဟူးနေ့ကနေစပြီး မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန်ကနေ ၁၄ ရက်သီးသန့် သတ်မှတ်ထားတဲ့နေရာတွေမှာ (Facility Quarantine)စောင့်ကြည့်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသို့ လာရောက်ကြမယ့် နိုင်ငံခြားသား ခရီးသည်တွေအနေနဲ့လည်း လေယာဉ်ပေါ်မတက်ရောက်ခင် လွန်ခဲ့တဲ့ ၇၂ နာရီ မတိုင်မီက ရရှိထားတဲ့ COVID-19 ကင်းရှင်းကြောင်း ဓာတ်ခွဲခန်း ဆေးစစ်ချက် အထောက်အထားပြသဖို့နဲ့ စတင်ရောက်ရှိချိန်ကနေ ၁၄ ရက် သီးသန့်သတ်မှတ်ထားတဲ့ နေရာတွေမှာ စောင့်ကြည့်မှုတွေ ပြုလုပ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ နိုင်ငံရပ်ခြားကနေ ဝင်လာမယ့် မည်သူ့ကိုမဆို လေယာဉ်ပေါ်မတက်ရောက်ခင် လွန်ခဲ့တဲ့ ၇၂ နာရီ မတိုင်မီက ရရှိထားတဲ့ COVID-19 ကင်းရှင်းကြောင်း ဓာတ်ခွဲခန်း ဆေးစစ်ချက် အထောက်အထား ပြသဖို့နဲ့ စတင်ရောက်ရှိချိန်ကနေ ၁၄ ရက် သီးသန့်သတ်မှတ်ထားတဲ့ နေရာတွေမှာ စောင့်ကြည့်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ COVID-19 ရောဂါထိမ်းချုပ်ရေးအတွက် ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေနဲ့ လူထုအနေနဲ့ သတိထားသင့်တာတွေ ထိမ်းသိမ်းဆောင်ရွက်သင့်တာတွေအပြင် သတင်းမှားတွေကို သတိထားဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုည ၆ နာရီမှာ နိုင်ငံတဝှမ်းကို ရုပ်မြင်သံကြားကတဆင့် တိုက်တွန်းပြောဆိုခဲ့ပါတယ်။

#credit

Post a Comment

0 Comments