#Breaking_News – COVID-19 အတည်ပြုလူနာ (၂)ဦး မြန်မာနိုင်ငံမှာ စတင်တွေ့ရှိ


မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာ ၂ယောက်တွေ့ရှိကြောင်း ဒီနေ့ (၂၃ရက် မတ်လ) ည ၁၁း၄၅ နာရီမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံရှိ အမေရိကန်နိုင်ငံက (မတ် ၁၃ရက်နေ့) ပြန်လာသူ အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းမှာ quarantine ထားရှိနေတဲ့ အင်္ဂလန်နိုင်ငံက (မတ် ၂၂ရက်နေ့) ပြန်လာသူ အသက်(၂၆)နှစ်အရွယ် အမျိုးသား(၁)ဦးတို့ထံမှာ ဓာတ်ခွဲခန်းအဖြေတွေက COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိတာပါ။

လက်ရှိမှာ သူတို့(၂)ဦးကို တီးတိန်ပြည်သူ့ဆေးရုံနဲ့ ဝေဘာဂီအထူးကုဆေးရုံတို့မှာ အသီးသီးလွှဲပြောင်းကုသပေးနေပြီး ဓာတ်ခွဲနမူနာတွေကို ပြည်ပရှိ WHO ရည်ညွှန်းဓာတ်ခွဲခန်းတွေကို ဆက်လက်ပေးပို့စစ်ဆေး အတည်ပြုသွားဦးမယ်လို့ ဆိုပါတယ်။ အဲဒီ့ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၂)ဦးနဲ့ ထိတွေ့ခဲ့တဲ့သူတွေကိုလည်း ဖော်ထုတ်စောင့်ကြည့်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။

Update background check:
မြန်မာနိုင်ငံမှာ မတ်လ ၂၃ရက်နေ့ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ (၂)ဦး နဲ့ စောင့်ကြည့်လူနာ စုစုပေါင်း (၂၁၂)ဦး ရှိခဲ့ပါတယ်။ ဒီအထဲမှာ ဓာတ်ခွဲခန်းအဖြေက ရောဂါပိုမရှိကြောင်း negative အဖြေ (၂၁၀)ရှိပြီး COVID-19 ရောဂါပိုးရှိကြောင်း (၂)ယောက်ရှိ အတည်ပြုလိုက်ပါတယ်။ စောင့်ကြည့်နေစဉ် တခြားရောဂါများနဲ့ သေဆုံးသူ (၁၃)ယောက်ရှိခဲ့သလို ဆေးရုံဆင်းခွင့်ပြုသူ (၁၂၇)ယောက် ရှိထားပါတယ်။

#DVB

Post a Comment

0 Comments