AA ကို မတရားအသင်းအဖြစ် ကြေညာ


အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ AAကို အကြမ်းဖက်အဖွဲ့အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့သဘောတူညီချက်နှင့် အမိန့်ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ကြောင်း  နိုင်ငံပိုင်မီဒီယာ ဖြစ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ယနေ့ (မတ်၂၃ ရက်) ညပိုင်း ပြည်တွင်းသတင်းမှ ထုတ်ပြန် ကြေညာခဲ့သည်။

ကြေညာချက်အပြည့်အစုံမှာ" နိုင်ငံတော်သမ္မတသည် ၁/ ၂၀၂၀ အား နေပြည်တော်၊၁၃၈၁ ခုနှစ် ၊ တပေါင်းလပြည့်ကျော် (၁၅)ရက်၊ ၂၀၂၀ပြည့်နှစ်၊ မတ်လ(၂၃)ရက်၊ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ယင်းအမိန့်ကြေညာစာအပြည့်အစုံမှာ မတရားအသင်းအဖြစ်ကြေညာခြင်း။ နိုင်ငံတော်သမ္မတသည် ULA၊ AAလက်နက်ကိုင်အဖွဲ့နှင့် အဖွဲ့ဝင်များ၊ ယင်းအဖွဲ၏ လက်အောက်ခံအဖွဲ့ နှင့် ယင်းအဖွဲ့နှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ်များမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကိုလည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေးကိုလည်းကောင်း၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုလည်းကောင်း၊ အနှောင့်အယှက် အန္တရာယ်ဖြစ်စေသည်ဟု ယုံကြည်ယူဆသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်သမ္မတက မတရားအသင်းများ အက်ဥပဒေပုဒ်မ  (၁၆)အရ အထက်ဖော်ပြပါ အဖွဲ့နှင့် ယင်းအဖွဲ့၏ လက်အောက်ခံများအား မတရားအသင်းများ အပ်ဥပဒေပုဒ်မ (၁၅)ပုဒ်မခွဲ(၂) ပါ အဓိပ္ပာယ် ဖော်ပြချက်များနှင့်အညီ မတရားအသင်းအဖြစ်ကြေညာလိုက်သည်" ဟုဖော်ပြပါရှိသည်။

ယနေ့ မနက်ပိုင်းက AAမှ အင်အား ၃၀၀ခန်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့နယ်ရှိ တပ်မတော်အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိကြောင်း ပြည်တွင်း၊ ပြည်ပမီဒီယာများတွင်ဖော်ပြထားသည်။

ယင်းအပြင် တပ်မတော်နှင့်AAတိုက်ပွဲများကြောင့် အရပ်သားများထိခိုက်ကျဆုံးမှုများရှိသလို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း စစ်ဘေးရှောင်ပြည်သူ ထောင်နှင့်ချီခိုလုံ နေရကြောင်း ချင်းလူမှုအရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရသိရသည်။

TCM

Post a Comment

0 Comments