ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး စေတနာ့ ဆေးဝန်ထမ်းတွေ ဖိတ်ခေၚ


ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး စေတနာ့ ဆေးဝန်ထမ်းတွေ ဖိတ်ခေါ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံဆရာဝန်အသင်း(ရန်ကုန်)က စေတနာ့ဝန်ထမ်းတွေ ဖိတ်ခေါ်ရာမှာ မြန်မာနိုင်ငံအနှံ့က ဆရာဝန် ၁၀၀ ကျော် စာရင်းပေးသွင်းထားပါတယ်။ တပ်မတော်ဘက်ကလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို တပ်မတော်ဆေးရုံတွေကို ပြင်ဆင်ထားပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး လိုအပ်လာရင် ကူညီဖို့အတွက် မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်)က စေတနာ့ဝန်ထမ်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ရာမှာ မြန်မာပြည်နေရာအနှံ့က ဆရာဝန် ၁၀၀ကျော် စာရင်းပေးသွင်းထားပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တပ်မတော်ကလည်း အရပ်ဘက်နဲ့ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်ထားသလို တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုမှာ တပ်မတော်ဆေးရုံ ၁၇ ရုံကို ပြင်ဆင်ထားပါတယ်။ မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်)ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လိုအပ်လာရင် ကူညီနိုင်ဖို့အတွက် စေတနာဝန်ထမ်းဆရာဝန်တွေကို ဖိတ်ခေါ်ခဲ့တဲ့အခြေအနေကို အသင်းရဲ့ ရုံးအဖွဲ့မှူး ဦးသောင်းညွှန့်က အခုလို ပြောပါတယ်။ “ကျနော်တို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆရာဝန်တွေက လက်ရှိ လုပ်ငန်းတွေလည်း များပြားတယ်လေ။ လူမမာတွေ များတဲ့အတွက် လုပ်ငန်းတွေ များတယ်။ အဲဒီ တခုခု ကာကွယ်ရေး၊ ထိန်းချုပ်ရေး အဲဒီဟာတွေအတွက်ပေါ့။ ကျနော်တို့က လိုအပ်လာရင် လိုအပ်တဲ့အချိန်မှာ ကူညီနိုင်ဖို့အတွက် အရံအင်အား စုဆောင်းထားတာပေါ့။ အခုလောလောဆယ် ၁၀၀ လောက်ရပြီပေါ့။ ရန်ကုန်ကတော့ များတာပေါ့။ ပြည်နယ်နဲ့ တိုင်းအသီးသီး နေပြည်တော်၊ ပျဉ်းမနားတို့၊ ရှမ်းပြည်နယ်ကလည်း ပါတယ်။ တောင်၊ မြောက်ပေါ့။ စစ်ကိုင်းကပါတယ်။ ဧရာဝတီက ပါတယ်။ စသည့်ဖြင့်ပေါ့။ပြီးတော့ မုဒုံကလည်း ပါတယ်။ အဲလို နယ်က ဆရာတွေလည်း ပါတယ်ပေါ့။ နောက်ပြီးတော့ Retire ယူသွားပြီဖြစ်တဲ့ ဆရာကြီးတွေ၊ ဆရာမကြီးတွေလည်း သူတို့ စာရင်း ပေးထားတာ ရှိတာပေါ့။ ဘယ်လိုနေရာမျိုးမဆို ပါဝင်ကူညီနိုင်ဖို့ Ready ပြင်ထားတာပေါ့။” မြန်မာနိုင်ငံ ဆရာဝန်အသင်းမှာ အသင်းဝင်စုစုပေါင်း ၂၀,၀၀၀ လောက်ရှိပြီး လောလောဆယ်မှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆက်သွယ်လာတာ မရှိသေးကြောင်းနဲ့ အသင်းအနေနဲ့ ဒီနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ပညာပေးဟောပြောပွဲတွေ ဆောင်ရွက်ထားကြောင်း ပြောပါတယ်။ တပ်မတော်ကလည်း ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် စီမံချက်ရေးဆွဲပြင်ဆင်ထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက တနင်္ဂနွေနေ့က နေပြည်တော်မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုထားပါတယ်။ “ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစီမံချက်ထဲမှာ လေ့ကျင့်ခြင်းနဲ့ ပေါင်းစပ်ညှိနှိုင်းခြင်းတွေ၊ ကြိုတင် ကာကွယ်ခြင်းတွေ၊ ကုသမှု လုပ်ငန်းဆောင်ရွက်ခြင်းတွေ ဆောင်ရွက်မှာဖြစ်တယ်။ အဲလို ဆောင်ရွက်တဲ့ နေရာမှာ လေ့ကျင့်ခြင်းနဲ့ ပေါင်းစပ်ညှိနှိုင်ခြင်းမှာတော့ လေ့ကျင့်ဇာတ်တိုက်တာတွေ လုပ်သွားမှာဖြစ်တယ်။ အရပ်ဘက်နဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေ၊ ပညာပေးတွေ ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အဲလို ဆောင်ရွက်ဖို့အတွက် တိုင်းနဲ့ ပြည်နယ်အလိုက် ပူးပေါင်းဆောင်ရွက်မယ့် ဆေးရုံသတ်မှတ်ချက်တွေ တပ်မတော်အနေနဲ့ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမယ့် ဆေးရုံ ၁၇ ခု၊ တိုင်းဒေသကြီး ၁၄ခု အပါအဝင် ရှမ်းမှာဆိုရင် အရှေ့ရှမ်း၊ တောင်ဘက် ဒါတွေနဲ့ ခွဲထားတာဖြစ်တယ်။ နယ်မြေ ၁၇ ခုမှာ ဆေးရုံ ၁၇ ခု သတ်မှတ်ပြီးဖြစ်တယ်။” နိုင်ငံတကာရဲ့ ရောဂါအဆင့် သတ်မှတ်မှုအတိုင်း အစိမ်းရောင်၊ အဝါရောင်၊ လိမ္မော်ရောင်နဲ့ အနီရောင်အဆင့် သတ်မှတ်ထားပြီး ရောဂါပြင်းထန်တဲ့ လိမ္မော်ရောင်အဆင့်အတွက် တပ်မတော်ဆေးဝန်ထမ်း အင်အားအားလုံးရဲ့ ဆယ်ပုံတပုံ၊ ဆရာဝန် ၂၂၁ ဦး၊ သူနာပြု ၅၈၅ ဦးနဲ့ ဆောင်ရွက်မှာဖြစ်ကြောင်း၊ အနီရောင်အဆင့်မှာဆိုရင်တော့ အင်အားရဲ့ ဆယ်ပုံနှစ်ပုံ နဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ဆေးနဲ့ ဆေးပစ္စည်းတွေ ထောက်ပံ့ဖု့ိလည်း ပြင်ဆင်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ လောလောဆယ်မှာတော့ ၁၉၂ နိုင်ငံမှာ လူပေါင်း ၃၀၀,၀၀၀ ကျော်ကူးစက်နေပြီး သေဆုံးသူ ၁၄,၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စောင့်ကြည့်လူနာ ၂၀၄ ဦး၊ သံသယလူနာ ၂ ဦး ရှိခဲ့ကြောင်းနဲ့ ကူးစက်အတည်ပြုလူနာ မရှိသေးကြောင်း နောက်ဆုံးထုတ်ပြန်ထားပါတယ်။

Credit

Post a Comment

0 Comments