ရောဂါကူးစက်မှုတွေ အလွန်မှာ ပုံမှန်အခြေအနေ ပြန်ဖြစ်လာတဲ့ ဘေဂျင်းမြို့



မတ်-၂၃၊ ၂၀၂၀ Covid-19 ရောဂါ ကူးစက်မှုတွေ လျော့ပါး ပျောက်ကွယ်လာခြင်းနဲ့အတူ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရဲ့ လူနေမှုဘဝ အခြေအနေတွေက ပုံမှန်အဆင့်ကို တဖြည်းဖြည်း ပြန်လည် ပြောင်းလဲလာနေပြီ ဖြစ်ပါတယ်။

မတ်လ ၂၃ ရက်မှာတော့ ဘေဂျင်းမြို့ခံတွေဟာ လမ်းမတွေပေါ်မှာ ပုံမှန်အတိုင်း လှုပ်ရှား သွားလာနေတာကို တွေ့ရပါတယ်။ အစိုးရကတော့ လူစုလူဝေး ပြုလုပ်တာမျိုး ကိစ္စတွေကို ဆက်ပြီး ရှောင်လွှဲကြဖို့ တိုက်တွန်းထားပါတယ်။ ဘေဂျင်းမှာတော့ ပန်းခြံတွေ၊ ဘတ်စ်ကားဂိတ်တွေ၊ ရထားဘူတာတွေမှာ လူတွေပြန်စည်စ ပြုလာပါပြီ။ ဒါပေမဲ့ အားလုံးလိုလိုက နှာခေါင်းစည်း မျက်နှာဖုံးတွေ တပ်ဆင်ထားကြသလို ရဲတွေ၊ လုံခြုံရေး ဝန်ထမ်းတွေက လူစည်ကားရာ နေရာတွေမှာ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးနေတာကို တွေ့နိုင်ပါတယ်။

တရုတ်ပြည်တွင်းမှာ Covid-19 ကူးစက်မှုတွေ ထပ်မတွေ့ရတော့ဘဲ နေ့စဉ် အသစ်တိုးလာတဲ့ လူနာတွေက ပြည်ပက ဝင်ရောက်လာသူတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘေဂျင်းအပါအဝင် မြို့ကြီးတွေမှာ ပြည်ပက ရောက်ရှိလာသူ အားလုံးကို ၁၄ ရက်ကြာ ရောဂါခြေချုပ်နဲ့ ကန့်သတ်ထားရှိမယ့် အစီအမံတွေ ကြပ်မတ်ထားဆဲပါ။ တရုတ်ကို ပုံမှန် ဝင်ရောက်နေသူတွေက နိုင်ငံတကာ တက္ကသိုလ်တွေမှာ သွားတက်ရောက်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေ အများစု ဖြစ်ပါတယ်။
ဘေဂျင်းအပြင် Covid-19 ရောဂါ ကူးစက်မှုတွေ အစပြုခဲ့ရာ ဝူဟန်မှာလည်း အိမ်အပြင် မထွက်ရ အမိန့်နဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေတာကို အထိုက်အလျောက် စတင် ဖြေလျှော့ပေးနေပြီလို့ သိရပါတယ်။

Credit

Post a Comment

0 Comments