AA ဖမ်းထားတဲ့ ကုလားတန်စီမံကိန်း ဝန်ထမ်း ၁၅ ဦး ပြန်လွတ်မြောက်


ဝန်ထမ်း ၁၅ ဦး  ပြန်လွတ်မြောက် ချင်းပြည်နယ် ပလက်ဝမြို့နယ်က ကုလားတန်စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ အိန္ဒိယနိုင်ငံသား ရှစ်ဦးအပါအဝင် စီမံကိန်းဝန်ထမ်း ၁၅ ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က မနေ့ညပိုင်းတုန်းက ဖမ်းဆီးသွားပြီး ဒီနေ့မနက်ပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွမ်းအိန် စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။  အခုဆက်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်စီမံကိန်းက အိန္ဒိယနိုင်ငံသားတွေအပါအဝင် စီမံကိန်းဝန်ထမ်း ၁၅ ဦး ဖမ်းဆီးခံရတဲ့အခြေအနေကို ပြောပြပေးမှာပါ။ ချင်းပြည်နယ်၊ ပလက်ဝမြို့အရှေ့ဘက်ကမ်းမှာ ပလက်ဝဆိပ်ခံတံတား တည်ဆောက်နေတဲ့ အိန္ဒိယနိုင်ငံသား ရှစ်ဦး အပါဝင် ဝန်ထမ်း ၁၅ ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ တညတာဖမ်းဆီးထားပြီး ဒီမနက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။ “ကျနော်တို့ မနေ့ည ၁၀ နာရီနောက်ပိုင်းမှာ အိန္ဒိယ ဇိုရမ်ပွီလမ်းဖောက်တဲ့ဆိုက်က ၁၅ ယောက်ကို ခေါ်သွားတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံသား ရှစ်ယောက်ပါတယ်။ ကျနော်တို့ ဒေသခံဝန်ထမ်းတွေ ဘာသာပြန်တို့ ကျန်တဲ့လုပ်ငန်းလုပ်တဲ့အဖွဲ့တွေပေါ့။ အားလုံး ၁၅ ယောက်။ ဒီနေ့မနက်ကတော့ သူတို့ဆီသိန်း ၅၀ ပိုက်ဆံ ယူပြီးတော့ သူတို့ရဲ့ ပစ္စည်းတချို့ကို ယူပြီးတော့ လူကိုတော့ ဒီနေ့မနက်မှာပဲ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။ အခုမှကျနော်တို့ တာဝန်ရှိတဲ့လူတွေက စီစစ်တာတို့ ဘာတို့လုပ်ပြီး တရားဝင်ကြေးနန်းတင်ပါလိမ့်မယ်။ အခုကျနော်တို့ ပလက်ဝဘက်မှာ လာပြီး သူတို့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့ မေးမြန်းစစ်ချက်ယူနေတယ်နော်။” အိန္ဒိယနိုင်ငံသား ရှစ်ဦး၊ စကားပြန်နဲ့ ဝန်ထမ်း စုစုပါင်း ၁၅ ဦးကို တနင်္ဂနွေနေ့ညပိုင်းမှာ AA အဖွဲ့က ဖမ်းဆီးထားပြီး စီမံကိန်းနေရာနဲ့ တမိုင်ကျော်ဝေးတဲ့ ကြက်ဥဝကျေးရွာမှာ ညအိပ်ခိုင်းထားပြီးတော့ ဒီနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာပါ။ ဒီအခြေအနေကို ကြက်ဥဝရွာဒေသခံ တဦးက အခုလိုပြောပါတယ်။ “ကုလားဝန်ထမ်းတွေပဲ ဟုတ်ကဲ့။ ထိန်းသိမ်းထားတဲ့သဘောပါ။ အကုန်လုံးလွတ်လာတယ်လို့တော့ သတင်းရထားတယ်။ ဆိပ်ကမ်းတံတားဆိုပေမဲ့ ပလက်ဝရဲ့ရှေ့ဆိုက်ပေါ့။ အိန္ဒိယနဲ့မြန်မာနဲ့ အဲဒီလမ်းစီမံကိန်း ဖြစ်မယ်။” ကုလားတန်စီမံကိန်းဝန်ထမ်းတွေ ဖမ်းဆီးထားမှုနဲ့ ပတ်သက်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ပြောခွင့်ရခိုင်သုခကတော့ “ဒီငွေဒင်္ဂါးတွေဘာတွေယူပြီးတော့မှ သူတို့လွှတ်လိုက်တယ်တို့ဘာတို့ စွပ်စွဲထားတယ်။ ကျနော်တို့မှာတော့ အဲဒီလိုမျိုး ညွှန်ကြားထားတယလုံးဝမရှိဘူး။ ဒီလိုမျိုးတစုံတယောက်ကလုပ်လို့ရှိရင်လည်း ပြင်းပြင်းထန်ထန်အရေး ယူ ခံရမှာ။” ပလက်ဝဆိပ်ခံတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်ဟာ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ သဘောတူညီချက်နဲ့ တည်ဆောက် အကောင်အထည်ဖော်နေတဲ့ ကုလားတန်ဘက်စုံသုံးစီမံကိန်းရဲ့အစိတ်အပိုင်း တခုဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တုန်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းအပါဝင် ကုလားတန်ဖွံ့ဖြိုး ရေးစီမံကိန်းဝန်ထမ်းအိန္ဒိယ အမျိုးသား ငါးဦး စကားပြန် နှစ်ဦးနဲ့ စက်လှေသမားနှစ်ဦး စုစုပေါင်း ၁၀ ကို AA အဖွဲ့ကနေ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာပြန်လွှတ်ပေးခဲ့ပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်မြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ကုလားတန်မြစ်ကူးတံတားကို ဒီနှစ် ဖေဖော်ဝါရီလမှာ ဖွင့်လှစ်ဖို့ လျာထားပေမဲ့ နှောက်ယှက်မှုတွေကြုံနေရလို့ သတ်မှတ်ကာလအတွင်း မဖွင့်လှစ်နိုင်ဘူးလို့ ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပါတယ်။ မနေ့ကလည်း ပလက်ဝမြို့နယ် နှမဒါကျေးရွာအနီးနဲ့ ရေချမ်းဝကျေးရွာဘက်ကို မြန်မာစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်မှုကြောင့် ကလေး နှစ်ဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ နဲ့ ၁၅ ရက်နေ့တုန်းကလည်း လေကြောင်းပစ်ခတ်မှုကြောင့် မိတ်စာဝရွာ ဝက်မရွာနဲ့ ပြိုင်တိန်းရွာကရွာသား ၂၁ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့သလို ရွာသား ၂,၄၀၀ ကျော် ဆမီးမြို့မှာ စစ်ဘေးတိမ်းရှောင်နေရဆဲ အခြေအနေမှာ ရှိနေပါတယ်။

Credit

Post a Comment

0 Comments