ထိုင်းမှ ပြန်လာသူများကို စောင့်ကြည့်စစ်ဆေးခြင်းမရှိသဖြင့် ပြွန်တန်ဆာ ဒေသခံများ စိုးရိမ်


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့မှာ ထိုင်းနိုင်ငံမှ ပြန်လာသူတွေကို ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်​ပြီး တာဝန်ရှိသူ​​တွေက စောင့်ကြည့်စစ်ဆေးတာမျိုး မ​ပြုလုပ်တာ​​​ကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။


မတ်လ ၂၁ ရက်ညက ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီ ပြွန်တန်ဆာ​မြို့၊ မြို့မ ၁ မင်းတဲအပိုင်း ယုဇနလမ်းကိုပြန်လာသူ ၂ ဦးနဲ့ လျှပ်စစ်လမ်းကို ပြန်လာသူ ၁ ဦးတို့ ရှိခဲ့တယ်လို့ ဒေသခံ ဒေါ်မာမာအောင်က ပြောပါတယ်။
အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေက ​မြို့နယ်ကို အသိပေးအကြောင်းကြားမျိုး ရှိ မရှိတော့ မသိရပေမယ့် ပြန်လာနေထိုင်တဲ့သူတွေကို ကျန်းမာရေးစစ်ဆေးစောင့်ကြည့်တာမျိုးမတွေ့ရတာ ကြောင့် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
ရွေ့ပြောင်းလုပ်သား ၂ ဦးဟာ ထိုင်းနိုင်ငံ ဘန်ကောက်​မြို့က​နေ ​​မြဝတီဘက်ကိုအမှတ် ၂ တံတားကနေ ကူးပြီး ​ပြန်လာကာ နေအိမ်ကို​ မ​နေ့ညက ပြန်​ရောက်​နေတာ​ဖြစ်​ပြီး အခုအချိန်ထိတော့ တာဝန်ရှိသူတွေ လာရောက် စစ်ဆေးတာ တော့မရှိသေးဘူးလို့ ထိုင်းနိုင်ငံက ပြန်လာသူတွေက ​ပြောပါတယ်။
သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ရာအိမ်မှူး ဆယ်အိမ်မှူးတွေကို နိုင်ငံခြားမှ ပြန်လာသူတွေရှိပါက ကျန်းမာရေးဦးစီးဌာနနဲ့ မြို့နယ်ကို အမြန်ဆုံးအကြောင်းကြားဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။
ခုအချိန်ထိ ပြွန်တန်ဆာမြို့မ ၁ ရပ်ကွက် မင်းတဲအပိုင်းကို ထိုင်းနိုင်ငံက ပြန်လာသူ ရှိတယ်ဆိုတာကို မသိရှိရသေးဘူးလို့ ညောင်လေးပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ခုပဲ ပြွန်တန်ဆာမြို့အုပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခေါ်ထားပါတယ်။ ပြီးတာနဲ့ချက်ချင်း ကွင်းဆင်းစစ်ဆေးသွားမှာပါ။”
ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့အောက်စုကျေးရွာမှာ ခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံက ပြန်လာသူ ၈ ဦးလောက်ရှိနေပြီး ကျန်းမာရေးဝန်ထမ်းတွေ စောင့်ကြည့်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံက ပြန်လာတဲ့ မြန်မာတွေအနေနဲ့ ၁၄ ရက်တာ နေအိမ်မှာ အသွားအလာကန့်သတ်နဲ့ နေထိုင်ရမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောထားပါတယ်။
Credit

Post a Comment

0 Comments