တပ်မတော် မင်းပြား - လေ့ကျင့်ရေးကျောင်း AA တိုက်ခိုက်


တပ်မတော် မင်းပြား - လေ့ကျင့်ရေးကျောင်း AA တိုက်ခိုက် ရခိုင်မြောက်ပိုင်း မင်းပြားမြို့နယ်တွင်းက တပ်မတော်လေ့ကျင်ရေးကျောင်းကို AA ရခိုင် လက်နက်ကိုင်အဖွဲ့က ဒီကနေ့ မနက်ပိုင်းတိုက်ခိုက်တာကြောင့် တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု အချို့ ရှိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်သတင်းပေးပို့ထားပါတယ်။ ရခိုင်မြောက်ပိုင်းက မင်းပြားမြို့နယ် ကမ်းနီမှာရှိတဲ့ တပ်မတော်လေ့ကျင့်ရေး ကျောင်းတိုက်ခိုက်ခံရတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ ရခိုင်မြောက်ပိုင်းက မင်းပြားမြို့နယ် ကမ်းနီ အမှတ် (၉) တိုင်း ဗဟိုလေ့ကျင့်ရေးကျောင်းကို AA အဖွဲ့က ဒီကနေ့ မနက်ပိုင်းက လာရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဘက်အကျအဆုံးရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ "ကျနော်တို့ ဒီနေ့မနက်ပိုင်း ၆ နာရီလောက်က မင်းပြားကမ်းနီမှာ ရှိတဲ့ လေ့ကျင့်ရေးကျောင်းတခုကို AA အဖွဲ့က လာရောက် တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ သုံးနေရာလောက်က တိုက်ခိုက်ခဲတာ ရှိတယ်လို့ ကျနော်တို့ ကနဦး သတင်းရရှိတယ်။ ၁၁ နာရီလောက်မှာတော့ ကျနော်တို့ အခြေအနေအားလုံး ထိန်းနိုင်ပြီ ဖြစ်တယ်။ ကျနော်တို့ဘက်က ထိခိုက်ကျဆုံးမှု အနည်းငယ်ရှိပါတယ်။ AA ဘက်ကလည်း အလောင်းတလောင်း ရလိုက်တယ်။" ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကတော့ တိုက်ပွဲဖြစ်နေတာ မှန်ပေမဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးဘူးလို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။ "မင်းပြားကမ်းနီ အဲဒီတိုင်းဗဟို ၉ ဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲကတော့ တိုက်ပွဲဖြစ်နေတာတော့ဟုတ်တယ်။ ဒါပေမဲ့ အဲဒီတိုက်ပွဲနဲ့ ပတ်သတ်ပြီးတော့ အသေးစိတ်အချက်အလတ် ကျနော့်ဆီကို ရောက်လာတာ မရှိသေးဘူး။ ညနေပိုင်းလောက်မှပဲ သိရမယ်။ " ဒါ့အပြင် မနေ့ကလည်း ကျောက်တော်မြို့နယ်အတွင်းက တင်းမကျေးရွာကို တပ်မတော်ဘက်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တရွာလုံး မီးလောင်သွားတယ်လို့ တင်းမကျေးရွာက ထွက်ပြေးလာတဲ့ ဒေသခံတဦးက ပြောပါ တယ်။ "ရွာမှာ လေးနေရာစပြီး မီးရှို့တယ်တဲ့ စစ်သားတွေက မီးလောင်နေတဲ့ အချိန်မှာ သေနတ်တွေနဲ့လည်း ပစ်နေတယ်။ တရွာလုံးလောင်နေတယ်လို့တော့ ပြောတာပဲ ဘေးနားက ရွာတွေက ပြောတာ။ မသွားနိုင်တဲ့သူတွေ ကျန်ခဲ့တယ်။ မီးထဲပါသွားပြီး ထင်တယ်။ သူတို့က မသွားနိုင်ကြတော့လေ သေ၊ မသေတော့ အတိအကျ မသိဘူး။ တရွာလုံးမီးလောင်တာ ဆိုတော့ မီးထဲ ပါသွားတာပဲနေမှာပါ။ ရွာမှာတော့ ဘုန်းကြီးကျောင်းနဲ့ ဆန်စက်တခုရယ် အဲတာပဲ ကျန်တယ်တဲ့ ရွာထဲမှာ စစ်သားတွေပဲ ရှိတာလေ သူတို့မတိုက်ရင် ဘယ်သူတိုက်မှာလဲ။ ညီမတို့ရှိတုန်းကလည်း ရွာထဲကို လာရင် ပစ်ချင်သလို ပစ်နေကြတာ။ ညီမတို့မှာ ဆိုရင်လည်း စပါးတစ်ထောင လောက်ရှိတယ်။ တေဘာကားတစ်စီးရယ် သိန်း ၃၀၀ လောက်အကုန်အကျခံဆောက်ထားတဲ့ အိမ်တလုံးရယ် ပါသွားတယ်။ တပ်မတော်ဘက်ကို ဘာပြောချင်လဲဆိုတော့ လက်နက်ကိုင် နှစ်ဘက်စလုံးကို ဆွေးနွေးစေချင်တယ် သူတို့မဆွေးနွေးလို့ အဲလိုဖြစ်နေတာပေါ့။" တင်းမကျေးရွာဟာ ကျောက်တော်မြို့နယ်နဲ့ ပလက်ဝနယ်အစပ် ကုလားတန်မြစ်ဘေးနားမှာတည်ရှိပြီး အိမ်ခြေ ၁,၀၀၀ နီးပါး မီးလောင်သွားတယ်လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမောင်မောင်က ပြောပါတယ်။ "တင်းမရွာ တရွာလုံးကတော့ မီးရှို့ဖျက်စီးခြင်းခံရတာပေါ့။ ရွာသားတွေလည်း မရှိ။ ကျောက်တော် စစ်ရှောင်စခန်းတွေမှာ နေကြတယ်။ တခြား နီးစပ်ရာဆွေမျိုးတွေဆီမှာ နေကြတယ်။ အဲမှာ သက်ကြီးရွယ် အိုတွေလောက်ပဲ ကျန်မယ်ထင်တယ်။ မနေ့က တရွာလုံးမီးရှို့ဖျက်ဆီးခံရတယ်လို့တော့ ရွာသူရွာသားတွေ ပြောပြလို့သိရပါတယ်။" AA အဖွဲ့ဘက်ကတော့ တင်းမကျေးရွာကို တပ်မတော်ဘက်က မီးရှို့သွားတာ ဖြစ်တယ်လို့ ပြောဆိုထားပြီး မျက်မြင်ဒေသခံတွေကလည်း တပ်မတော်ဘက်က မီးရှို့သွားတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားကြပေမဲ့ တပ်မတော်ဘက်ကတော့ တင်းမရွာ မီးရှို့ခံရတာနဲ့ ပတ်သတ်ပြီး မသိသေးဘူးလို့ တပ်မတော်သတင်း မှန်ပြန်ကြားရေး အဖွဲ့ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

Credit

Post a Comment

0 Comments