မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်နိုင်ဖို့ ကရင်ပြည်နယ်အစိုးရက ကားတွေစီစဉ်ပေးထား



ထိုင်းကပြန်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ခရီးစဉ်အတွက် ကရင်ပြည်နယ်အစိုးရက ကားတွေကို အခမဲ့စီစဉ်ဆောင်ရွက်ပေးထားတယ်လို့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောပါတယ်။
ထိုင်းမြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကို မတ်လ ၂၃ ရက်နေ့ကစပြီး ထိုင်းက လူဝင်ထွက်သွားလာခွင့်ပိတ်ပင်ခဲ့ပေမယ့် ထိုင်းမြန်မာတာဝန်ရှိသူတွေရဲ့ ညှိနှိုင်းသဘောတူညီချက်အရ ဒီကနေ့ ညနေ ၆ နာရီအထိ ထိုင်းကနေ မြန်မာဘက်ကို ပြန်လည်ဝင်ခွင့်ပြုခဲ့တာပါ။
အဲ့ဒီအတွက် ဒီကနေ့ညနေပိုင်းအထိ ထိုင်းကနေပြန်လည်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားဦးရေဟာ ၂၀၀၀ ကျော်ရှိပြီး ဘတ်စ်ကားကြီးတွေနဲ့ နေရပ်ပြန်နိုင်ဖို့ အခမဲ့စီစဉ်ထားတာဖြစ်တယ်လို့ ဦးဘိုဘိုဝေမောင်က ဆိုပါတယ်။
နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့ညနေပိုင်းအချိန်ထိ ဘတ်စ်ကား ၂၁ စီးအထိ ကူညီဆောင်ရွက်ပေးထားပြီးပြီလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်ထံမှ သိရပါတယ်။
မနေ့ မတ်လ ၂၂ ရက်နေ့ကတော့ထိုင်းမြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားပေါ်က ပြန်လည်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားဦးရေဟာ ၆၀၀၀ ဝန်းကျင် ရှိတာပါ။
Covid-19 ကူးစက်ရောဂါပျံ့ပွားမှုမရှိစေဖို့အတွက် ထိုင်းကနေပြန်ရောက်လာတဲ့ နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ပြန်ရောက်တဲ့နေ့ကစပြီး ၁၄ ရက်အတွင်း နေအိမ်မှာပဲနေထိုင်ကြဖို့ ကရင်ပြည်နယ်အစိုးရက ကြေငြာချက်ထုတ်ပြန်ထားတာပါ။
credit

Post a Comment

0 Comments