ကမ္ဘာ့ကပ်ဘေးကျနေချိန် မြောက်ကိုရီးယား ဒုံးပစ်လွှတ်


တာတိုပစ်ဒုံးကျည်တွေလို့ ယူဆရတဲ့ ဒုံးကျည် ၂ စင်းကို မြောက်ကိုရီးယားနိုင်ငံက ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။
Pyongan ဒေသမြောက်ပိုင်းကနေ ပစ်လိုက်တဲ့ အဲဒီဒုံးကျည်တွေဟာ မြောက်ကိုရီးယား အရှေ့ဘက်ကမ်းလွန် ပင်လယ်ထဲ မကျခင် ကီလိုမီတာ ၄၁၀ အကွာအဝေးလောက် ရောက်ခဲ့တယ်လို့လည်း တောင်ကိုရီးယားက ခန့်မှန်းပါတယ်။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ကြေညာချက်မှာတော့ ဒီလုပ်ရပ်ကို ချက်ချင်းရပ်ဖို့ မြောက်ကိုရီးယားနိုင်ငံကို တောင်းဆိုထားသလို အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တကမ္ဘာလုံး အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အချိန်မှာ ဒီလုပ်ရပ်က လုံး၀ မသင့်တော်တဲ့လုပ်ရပ် ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ကိုရီးယားနိုင်ငံမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး Lee Peters ကလည်း မြောက်ကိုရီးယားက အရှေ့ဘက်ပင်လယ်ပြင်ထဲကို ဒီကနေ့မနက်ပိုင်းမှာ ဒုံးကျည်ပစ်လွှတ်ခဲ့တာကို သိရှိကြောင်းနဲ့ အခြေအနေ အရပ်ရပ်ကို အနီးကပ် စောင့်ကြည့်နေပြီး တောင်ကိုရီးယားနဲ့ ဂျပန် မဟာမိတ်တွေနဲ့ အနီးကပ် တိုင်ပင်နေပါတယ်လို့လည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်ခြေ ရှိနေပေမယ့်လည်း ဒီလအတွင်း တာတိုပစ်ဒုံးကျည်တွေ ၃ ကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
မြောက်ကိုရီးယားကတော့ သူ့နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ မရှိဘူးလို့ ပြောဆိုထားပါတယ်။
ကမ္ဘာတဝှမ်း ပိုးကူးစက်ပျံ့နှံ့မှု တရှိန်ထိုးတက်လာနေတဲ့ ကာလမှာတောင် မြောက်ကိုရီးယားမှာ အခြေအနေတွေ ပုံမှန်လို ဖြစ်နေပါတယ်။
ဒီလထဲမှာပဲ မြောက်ကိုရီးယား အမြောက်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှု အတော်များများကို ခေါင်းဆောင် Kim Jong Un တက်ရောက်ကြည့်ရှုခဲ့ပါသေးတယ်။
မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်တဲ့ ဓာတ်ပုံထဲမှာတော့ ခေါင်းဆောင် Kim Jong Un ကလွဲရင် သူ့ဘေးက ထိပ်တန်းတာဝန်ရှိသူတွေ နှာခေါင်းစည်းတွေ တပ်ထားတာကို တွေ့ရပါတယ်။
#voa

Post a Comment

0 Comments