ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်၌ လူ နှစ်သိန်းအထိ သေဆုံးနိုင်


ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံမှာ လူပေါင်း နှစ်သိန်းလောက် သေဆုံးနိုင်ပြီး ကူးစက်ခံရသူ သန်းပေါင်းများစွာ ရှိလိမ့်မယ်လို့ အစိုးရရဲ့ ဦးဆောင်ပညာရှင်တစ်ဦးက သတိပေးလာပါတယ်။
ထရမ့်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးက ဦးဆောင်ပညာရှင် ဒေါက်တာ အန်တိုနီဖူစီက သောကြာနေ့မှာ ကြိုတင်ခန့်မှန်း ပြောဆိုတာပါ။

“ကူးစက်ဖြစ်ပွားနေတာတွေကို ကြည့်ရင် သေဆုံးသူ တစ်သိန်းကနေ နှစ်သိန်းကြား ရှိမယ်လို့ ကျွန်တော် ပြောချင်တယ်။”လို့ ၎င်းက CNN သတင်းဌာနကို ပြောပါတယ်။
သတိဝိရိယရှိကြဖို့ကိုလည်း ၎င်းက တိုက်တွန်းပြောဆိုပြီး “ဒီ ဒုက္ခဆိုးကြီး ကြုံမှာ မျိုးကိုတော့ ကျွန်တော် မဖြစ်စေချင်ဘူး။ ဒါပေမယ့် ဦးတည်နေတာကတော့ ဒီအတိုင်းပဲ။”လို့ ၎င်းက ပြောပါတယ်။
လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ကမ္ဘာမှာ အများဆုံးဖြစ်နေတဲ့ အမေရိကန်ဟာ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ဖြစ်ပွားမှုရဲ့ ဗဟိုချက်ဖြစ်နေပြီလို့ ဒေါက်တာ ဖူစီက ပြောပါတယ်။

“နယူးယောက်က အခြေအနေ အရမ်းဆိုးနေတယ်။ နယူးအော်လန်းမှာလည်း တော်တော်ဆိုးပါတယ်။ အခြားနယ်မြေဒေသတွေမှာလည်း ဆိုးဝါးလာနေတယ်။”လို့ ၎င်းက ပြောပါတယ်။
“မြေပြင်က စမ်းသပ်စစ်ဆေးမှုတွေနဲ့ ပတ်သက်ရင် ပိုပြီး အားကောင်းတာမျိုး ကျွန်တော်တို့ လိုချင်တယ်။ ကျွန်တော်တို့သာ ဒါကို လုပ်နိုင်မယ်ဆိုရင် တစ်ချို့ ကန့်သတ်ပိတ်ပင်မှုတွေကို ဖြေလျော့ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူဟာ တရုတ်နဲ့ အီတလီတို့ထက် ပိုလွန်ပြီး ၁၂၅၄၃၃ ဦးရှိကာ သေဆုံးသူ ဦးရေက ၂၂၀၁ ဦး ရှိနေပါတယ်။
Rf; BBC

Post a Comment

0 Comments