COVID-19 ကြောင့် နိုင်ငံခြားသားတွေ မြန်မာပြည်ဝင်ခွင့် ယာယီပိတ်

COVID-19 ကြောင့် နိုင်ငံခြားသားတွေ မြန်မာပြည်ဝင်ခွင့် ယာယီပိတ် မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတာ ယာယီရပ်ဆိုင်းထားမယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်တဲ့ အစီအစဉ်တွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးမြန်မာနိုင်ငံကို တခြားနိုင်ငံအသီးသီးက လာရောက်မယ့် နိုင်ငံခြားသားအားလုံး အပေါ် ပြည်ဝင်မှုဆိုင်ရာ ယာယီကန့်သတ်ချက်တွေ ချမှတ်လိုက်တာလို့ ဆိုပါတယ်။ ကြေညာချက်အရ မတ်လ ၂၉ ရက်နေ့ ညသန်းခေါင်အချိန်က စလို့ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတာကို ယာယီရပ်ဆိုင်းမှာ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃ သောင်းကျော်ရှိ သတင်း ဖတ်ရှုနိုင်ပါတယ်။ ဒီကန့်သတ်ချက်အရ မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံဝန်ထမ်းတွေ၊ မြန်မာနိုင်ငံနဲ့ အပြန်အလှန် ပြေးဆွဲနေတဲ့ သင်္ဘောနဲ့ လေယာဉ်ဝန်ထမ်းတွေက လွဲပြီး တခြား ဘယ်ပြည်ဝင်ဗီဇာ အမျိုးအစားကိုမှ ထုတ်မပေးဘူးလို့ ဖော်ပြထားပါတယ်။ သံတမန် နိုင်ငံကူးလက်မှတ်နဲ့ အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကလွဲပြီး တခြားဗီဇာတွေ ထုတ်ပေးမှာမဟုတ်ဘဲ ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့ နိုင်ငံတွေက ဗီဇာကင်းလွတ်ခွင့်တွေကိုလည်း ယာယီရပ်ဆိုင်းထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ ပြည်ပနိုင်ငံတွေက သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေက တဆင့် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရမှာ ဖြစ်ပြီး မြန်မာနိုင်ငံလာမယ့်နေ့ မတိုင်မီနဲ့ လေယာဉ်ပေါ်မတက်ခင် ၇၂ နာရီအတွင်း ရရှိထားတဲ့ COVID-19 ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက် အထောက်အထား ပြသဖို့ လိုအပ်ပါတယ်။ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃ သိန်းကျော်ပြီ သတင်း ဖတ်ရှုနိုင်ပါတယ်။ မြန်မာနိုင်ငံနဲ့ အပြန်အလှန် ပြေးဆွဲနေတဲ့ လေယာဉ်၊ သင်္ဘောတွေက လေယာဉ်မှူးတွေ၊ သင်္ဘောအရာရှိတွေနဲ့ တာဝန်ရှိဝန်ထမ်းတွေ အနေနဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်၊ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ကြဖို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကို မလွှဲမရှောင်သာ ကိစ္စ ဒါမှမဟုတ် အရေးပေါ်တာဝန်နဲ့ လာရောက်ရမယ့် ပြည်ပခရီးသွားတွေ အနေနဲ့တော့ ဗီဇာကန့်သတ်ချက်တွေကနေ ကင်းလွတ်ခွင့်ရဖို့အတွက် နီးစပ်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေကို ဆက်သွယ် အကူအညီတောင်းကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Post a Comment

0 Comments