ကိုရိုနာကူးစက်မှု ပိုဆိုးလာလို့ ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေ ပိတ်



ကိုရိုနာကူးစက်မှု ပိုဆိုးလာလို့ ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေ ပိတ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်း တဖြည်းဖြည်း မြင့်တက်လာနေတဲ့ ထိုင်းနိုင်ငံဟာ ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေကို ပိတ်ပစ်လိုက်ပါပြီ။ လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား ၁ နဲ့ မယ်ဟောင်ဆောင်၊ ရနောင်း စတဲ့ မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်လမ်းတွေကို မတ်လ ၂၁ ရက်နေ့ကစလို့ ပိတ်လိုက်ပါတယ်။ မဲဆောက်ကနေ မြဝတီကို နေရပ်ပြန်နေကြတဲ့ ထောင်ဂဏန်းရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတွက်ကတော့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား ၂ ကနေ ဝင်ထွက်ခွင့် ပြုနေသေးပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။ ထိုင်းဘက်က မဲဆောက်-မြဝတီ အမှတ် ၁ ချစ်ကြည်ရေးတံတားကို ပိတ်လိုက်တာကြောင့် နေ့စဉ် ထောင်ဂဏန်းလောက် နေရပ်ပြန်နေကြတဲ့ မြန်မာတွေအဖို့ အခက်အခဲတွေ ရှိသွားပါတယ်။ ချစ်ကြည်ရေးတံတားအမှတ် ၁ ပိတ်ပစ်လိုက်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အခုလိုပြောပြပါတယ်။ “ချစ်ကြည်ရေးတံတား ၁ ကို တာ့ခ်ခရိုင် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ပိတ်လိုက်တယ်လို့ သူတို့ဘက်က ပြောပါတယ်။ ကိုရိုနာ စောင့်ကြည့်ပြီးတော့ ပြောတယ်၊ သူတို့ အပြင်မှာ ပြောတာကတော့ လုပ်ငန်းရှင်တွေကို ၂ ပတ်ပိတ်မယ်လို့ ပြောပါတယ်။ ကြေညာထားတာတော့ ၂ ပတ်ဆိုတာတော့ မပါဘူး။” ထိုင်းရောက် မြန်မာအလုပ်သမားနှစ်ဦး COVID-19 ကူးစက်ခံထားရ သတင်း ဖတ်ရှုနိုင်ပါတယ်။ အခုလို အမှတ် ၁ ချစ်ကြည်ရေးတံတားကို ပိတ်လိုက်တဲ့အခါမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းမရလို့ ပိတ်လိုက်ရတဲ့ စက်ရုံတွေက အလုပ်ပြုတ်တဲ့ အလုပ်သမားတွေ၊ ထိုင်းစီးပွားရေးကျလို့ ဒေဝါလီခံလိုက်ရတဲ့ စက်ရုံတွေက အလုပ်သမားတွေ၊ မဟာသင်္ကြန်ကာလ နေရပ်ပြန်ကြမယ့် မြန်မာတွေ၊ မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မယ့် သူတို့ရဲ့ ဗီဇာသက်တမ်း ပြန်တိုးဖို့ကိစ္စတွေကြောင့် မဖြစ်မနေ နေရပ်ပြန်ကြတဲ့ မြန်မာတွေကတော့ အခက်အခဲတွေ ဖြစ်ကုန်ပါတယ်။ ဒီအတွက် ချစ်ကြည်ရေး အမှတ် ၂ တံတားအသစ်မှာတော့ အဝင်အထွက်တွေ ပြုလုပ်ပေးနေဆဲ ဖြစ်တယ်လို့ ဦးတေဇာအောင်က ဆက်ပြောပြပါတယ်။ “ချစ်ကြည်ရေးတံတား ၂ ကနေ ဝင်နေပါတယ်။ အမှတ် ၂ က Passenger အတွက် ပါပါတယ်။ သွားကြတာ နယ်စပ်ဖြတ်သန်းတဲ့ စစ်ဆေးရေးလုပ်ငန်းစဉ် အပြည့်အ၀ ရှိတယ်။ တံတား ၂ က လေဆိပ်လို ဆောက်လုပ်ထားတာပါ။ Cargo သတ်သတ် Passenger သတ်သတ် အဝင်ရော အထွက်ရော လုပ်လို့ရတာရှိတယ်။” Covid-19 ကြောင့် ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေ ဝင်ထွက်ခွင့်ပိတ် သတင်း ဖတ်ရှုနိုင်ပါတယ်။ မတ်လ ၂၁ ရက်နေ့မှာတော့ ထိုင်းနိုင်ငံဘက်က တာ့ခ်ခရိုင် နယ်စပ်ဂိတ်တွေသာမက မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်လှေဂိတ်တွေ၊ နယ်စပ်လမ်းတွေပါ ပိတ်ပစ်လိုက်တာပါ။ ဒါဟာ တာ့ခ်ခရိုင်တခုတည်း မဟုတ်ဘဲ မြန်မာနဲ့ ထိစပ်နေတဲ့ ခရိုင်တွေအပြင် တခြား အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ ခရိုင်တွေ အတော်များများကို ခရိုင်အာဏာပိုင်တွေ ဆုံးဖြတ်ချက်နဲ့ ပြီးခဲ့တဲ့ တပတ်ခန့်က စတင်ပြီး ပိတ်နေတာတွေ ရှိပါတယ်။ အခုကတော့ မြန်မာနဲ့ ထိစပ်နေတဲ့ ခရိုင်တွေကို ပိတ်လိုက်တာပါ။ ဒါက ထိုင်းနိုင်ငံရဲ့ ပေါ်လစီကြောင့် ဖြစ်နိုင်တယ်လို့လည်း ဦးတေဇာအောင်က ဆိုပါတယ်။ “ကော့သောင်းဆိုရင် အကုန်ပိတ်တာပဲ။ အခုဆုံးဖြတ်ချက်ကတော့ တာ့ခ်ခရိုင်က ဆုံးဖြတ်ချက်တွေပဲ။ ဒါပေမယ့် သူတို့ မူဝါဒရှိတယ်ထင်ပါတယ်။ တာ့ခ်ခရိုင်သက်သက် တခုတည်းမှာ မဟုတ်ဘူး။ သူတို့ကတော့ သူတို့ဘာသာသူတို့ ထိန်းတာပါပဲ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးသန်းသွားလာမှု မရှိအောင် ထိန်းတဲ့သဘောပါ။” မြန်မာလုပ်သားတွေ သင်္ကြန်အိမ်ပြန်ရေး တတ်နိုင်သမျှရှောင်ဖို့ သံရုံးသတိပေး သတင်း ဖတ်ရှုနိုင်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအတွက် နယ်စပ်ဂိတ်တွေကို ပိုမိုအဆင်မြှင့်ပြီး ပိတ်ပင်ခဲ့ရာမှာ မတ်လ ၂၁ ရက်နေ့မှာတော့ ထိုင်း-မြန်မာ နယ်စပ်အားလုံးနီးပါးမှာ အဝင်အထွက်ကို ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။

Post a Comment

0 Comments