ပုပ်ရဟန်းမင်းကြီးရဲ့ COVID-19 ရန်ပုံငွေမှာ သီတဂူဆရာတော်ကြီး ထည့်ဝင်လှူဒါန်း

မြန်မာနိုင်ငံက ထင်ရှားတဲ့ ဆရာတော်ကြီးတပါးဖြစ်တဲ့ သီတဂူဆရာတော် အရှင် ဉာဏိဿရက COVID-19 ရောဂါဒဏ် ခံစားရသူတွေအတွက် ပုပ်ရဟန်းမင်းကြီး Francis ထူထောင်ထားတဲ့ အရေးပေါ် ရန်ပုံငွေထဲ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ထည့်ဝင်လှူဒါန်းကြောင်း ဧပြီ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ Vatican News မှာ ဖော်ပြပါရှိပါတယ်။ အဲဒီအလှူငွေကို ဧပြီလ ၁၆ ရက်နေ့က မန္တလေး ရွှေနှလုံး ကက်သလစ်ကျောင်းကတဆင့် လှူဒါန်းခဲ့ပြီး မန္တလေး ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် မာရ်ကိုတင်ဝင်းက လက်ခံရယူခဲ့ပါတယ်။ ဒါ့အပြင် အဲဒီကျောင်းမှာရှိတဲ့ မိဘမဲ့ကလေးငယ်များနဲ့ လိုအပ်သူတွေအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ ကြက်သွန် လှူဒါန်းခဲ့တယ်လို့ Vatican News မှာ ပါရှိပါတယ်။ သီတဂူဆရာတော်ကြီးက အခုလို လှူဒါန်းတာဟာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာ ဘာသာအားလုံးမှာရှိတဲ့ ဘုံတူညီတဲ့ မေတ္တာ ကရုဏာတရားကို ပြသတာဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါကနေ လွတ်အောင် ကရုဏာတရား ၃ ပါး လက်ကိုင်ထားပြီး အားလုံး စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုတယ်လို့လည်း လှူဒါန်းတဲ့ အခမ်းအနားမှာ ပြောပါတယ်။ သီတဂူဆရာတော်ဟာ ခရစ်ယာန် ရဟန်းအမတ် Cardinal Charles Bo နဲ့ ဂိုဏ်းချုပ်ဆရာတော် မာရ်ကိုတင်ဝင်းတို့နဲ့ ရင်းနှီးသူဖြစ်သလို သူတို့နဲ့အတူ မတူညီတဲ့ ဘာသာတွေအကြား နားလည်မှုမြှင့်တင်ရေး အတူကြိုးပမ်းနေသူ ဖြစ်တယ်လို့လည်း Vatican News မှာ ဖော်ပြထားပါတယ်။ သီတဂူဆရာတော်ဟာ ပုပ်ရဟန်းမင်းကြီး Francis ကို ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သီးခြားတွေ့ဆုံခဲ့သလို ၂၀၁၁ ခုနှစ်ကလည်း ပုပ်ရဟန်းမင်းကြီး Benedict ကို ရောမမြို့မှာ တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး Francis ဟာ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်ရန်ပုံငွေကို ကနဦး အမေရိကန်ဒေါ်လာ ၇ သိန်းခွဲနဲ့ မတည် ထူထောင်ကြောင်း ဧပြီလ ၆ ရက်နေ့က ကြေညာခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း အဖွဲ့အစည်းတွေကိုလည်း ဒီရန်ပုံငွေထဲ ငွေကြေးထည့်ဝင် လှူဒါန်းဖို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူရှိကြောင်း မတ်လ ၃၁ ရက်နေ့မှာ ပထမဆုံး ကြေညာခဲ့တာဖြစ်ပြီး ဧပြီလ ၁၈ ရက်နေ့အထိ ကူးစက်ခံရသူ ၉၈ ဦး ရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၅ ဦး၊ ပြန်လည်ကျန်းမာလာသူ ၅ ဦး ရှိပါတယ်။ ရောဂါကူးစက်ခံရသူ များလာတာနဲ့အမျှ မြန်မာအစိုးရက အခုအခါ လူ ၅ ယောက်နဲ့ ၅ ယောက်ထက်ပိုပြီး လူစုလူဝေးလုပ်တာကို ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

Post a Comment

0 Comments