လုပ်ခလစာရရှိရေး ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နေတာကြောင့် အိမ်ပြင်မထွက်ရအမိန့် ချမှတ်ထားတဲ့ကြားမှာပဲ စနေနေ့က ဆိပ်ကမ်းမြို့ဖြစ်တဲ့ စစ်တကောင်းမှာ ရာနဲ့ချီတဲ့ အလုပ်သမားတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ လူတဦးနဲ့တဦး ခပ်ခွာခွာနေရမယ်ဆိုတဲ့ အမိန့်ကို မလိုက်နာဘဲ အလုပ်လုပ်ရဖို့နဲ့ လုပ်ခလစာတွေရဖို့ အခုလို စုဝေး ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။ ပြီးခဲ့တဲ့လက လုပ်ခလစာတွေ မရသေးဘူးလို့ စစ်တကောင်းမြို့က ဆန္ဒပြသူတွေက ပြောပါတယ်။ COVID-19 ကပ်ဘေးကာလအတွင်း အထည်ချုပ်လုပ်ငန်းတွေက ဝန်ထမ်းတွေကို လစာပေးနိုင်ရေးအတွက် ပြီးခဲ့တဲ့လအတွင်းမှာပဲ အစိုးရက ဒေါ်လာ ၅၈၈ သန်းအကူအညီပေးရေး အစီအစဉ် စတင်ခဲ့တာပါ။ ဒါပေမယ့် စက်ရုံတွေဘက်ကတော့ အစိုးရရဲ့ အကူအညီက မလုံလောက်ဘူးလို့ ပြောဆိုနေကြပါတယ်။ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ အထည်ချုပ်လုပ်ငန်း ဒုတိယအများဆုံး လုပ်ကိုင်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ကပ်ရောဂါကာလ ပြည်ပနိုင်ငံတွေက အဝတ်အစား မှာယူထားတာတွေကို ဖျက်သိမ်းနေကြတဲ့အတွက် ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆ ဘီလီယံလောက် ဆုံးရှုံးလိမ့်မယ်လို့ အထည်ချုပ် အဖွဲ့အစည်းတွေက ပြောပါတယ်။ စနေနေ့ကအထိ ဘင်္ဂလားဒေ့ရှ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၁၀၀ ကျော်နဲ့ သေဆုံးသူ ၈၄ ဦး ရှိပါတယ်။ ရောဂါကူးစက်မှု ဖြစ်ပွားနေတဲ့ တချို့နိုင်ငံကြီးတွေနဲ့ နှိုင်းယှဉ်ရင် အရေအတွက် နည်းသေးတယ်ဆိုပေမယ့် ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာမှာ ပဉ္စမမြောက် လူဦးရေများတဲ့နိုင်ငံ ဖြစ်သလို သန်းနဲ့ချီတဲ့သူတွေဟာ ဆင်းရဲသားရပ်ကွက်တွေမှာ စုဝေး နေထိုင်နေကြရတာပါ။ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အားဖြင့်လည်း အားနည်းတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကတဆင့် ရောဂါ အလျှင်အမြန် ကူးစက်ပျံ့နှံ့နိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးနေကြပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတော့ စနေတနေ့တည်းမှာပဲ ကူးစက်ခံရသူ လူနာအသစ် ၉၉၁ ဦးနဲ့ သေဆုံးသူ ၄၂ ဦး ရှိပါတယ်။ တချို့ပြည်နယ်တွေမှာ အသစ်ကူးစက်မှုစာရင်း မရှိပေမယ့် ရောဂါမကူးစက်ရအောင် လူချင်း ခပ်ခွာခွာနေကြဖို့အတွက် ဆက်ပြီး သတိရှိကြဖို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ Lav Agarwal က တိုက်တွန်းပါတယ်။ သိရိလင်္ကာနိုင်ငံမှာတော့ ဧပြီ ၂၀ ရက်နေ့က စလို့ ကန့်သတ်တားမြစ်ချက် တချို့ကို ဖြေလျှော့ပေးသွားမယ်လို့ အစိုးရက ပြောပါတယ်။

Post a Comment

0 Comments