ရှမ်းနဲ့ ကချင်က စစ်ရှောင်စခန်းတွေမှာ COVID-19 ကြိုတင်ကာကွယ်ရေး အကူအညီပေးရေးအဖွဲ့တွေ ကြိုးပမ်း

ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ COVID-19 ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေးမှာ မပြည့်စုံတာတွေ ရှိနေပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။ တရုတ်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီလို့ အစိုးရက ဆိုပေမယ့် တရုတ်-မြန်မာနယ်စပ် အဝင်အထွက်ကို အစောပိုင်း ထိန်းချုပ်ခဲ့တဲ့ အတိုင်းအတာထက် ပိုပြီး ဧပြီ ၁ ရက်နေ့ကစလို့ နယ်စပ်အဝင်အထွက်ကို ယူနန်ပြည်နယ် အာဏာပိုင်တွေက လုံးဝနီးပါး ပိတ်ထားပါတယ်။ ဒါကြောင့် ယူနန်ပြည်နယ်ထဲ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ကချင်စစ်ရှောင်စခန်းထဲက IDP ဒုက္ခသည်တွေဟာ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကစပြီး ဒုက္ခသည်စခန်းတွေဆီ ပြန်လာနေကြတာကြောင့် အထူးသဖြင့် တရုတ်နယ်စပ်နဲ့ အနီးဆုံး မိုးမောက်၊ မန်စီမြို့နယ်တွေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ရောဂါ မကူးစက်ရအောင် လုံးဝ အပြင်မထွက်ရ Lockdown အမိန့်မျိုး ထုတ်ထားရတယ်လို့ ကချင်ပြည်နယ် မိုင်ဂျာယန်အခြေစိုက် ဝမ်ပေါင်နိမ်းထွဲ အကူအညီပေးရေးအဖွဲ့ တာဝန်ခံ ဒေါ်မေရီတွမ်က ဗွီအိုအေကို ပြောပါတယ်။ “ပြောရမယ်ဆိုရင် Lockdown လုပ်လိုက်တဲ့ သဘောပေါ့၊ ကျမတို့ ကချင် IDP စခန်းတွေ အားလုံးက တရုတ်နယ်စပ်နဲ့နီးတဲ့ စခန်းတွေပဲ ဖြစ်တဲ့အခါကျတော့ အခုက တရုတ်က အကုန်လုံး ပိတ်လိုက်တဲ့အခါကျတော့ အခုဆို အကုန်ပြန်လာကြတယ်။ တရုတ်ပြည်မှာ သွားအလုပ်လုပ်တဲ့သူတွေ အလုံးအရင်းနဲ့ ပြန်လာတဲ့အခါကျတော့ ဒီမှာလည်း သူတို့ကို ၂၁ ရက် စောင့်ကြည့်တဲ့ Quarantine Center လေးတွေမှာ ထားထားတာမျိုး ရှိတယ်ပေါ့။ ပြဿနာက အခုက ၂ ပတ်ထဲမှာ ရောက်နေပြီပေါ့။ အဲလိုဆိုတော့ ခုက ဆန်ဆီဆားတော့ ရတယ်၊ ဒါပေမယ့် အခြားဟာတွေက အခက်အခဲရှိတယ်။” အထူးသဖြင့် အစိုးရထိန်းချုပ်မှုအောက်မှာ မရှိတဲ့ IDP စစ်ရှောင်စခန်းတွေဟာ အကူအညီရဖို့ အလှမ်းဝေးနေတာကြောင့် ပိုပြီး စိုးရိမ်စရာ ကောင်းနေတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ တာဝန်ခံ ဒေါ်ခွန်ဂျာကလည်း ပြောပါတယ်။ “ကျမတို့ အဲ့ဒါ အရမ်းပူပန်တယ်။ စိတ်ပူတဲ့အထဲမှာမှ အထူးသဖြင့် အစိုးရထိန်းချုပ်မှု မဟုတ်တဲ့ KIO ထိန်းချုပ်ဧရိယာလို နေရာမျိုး၊ ပြီးလို့ရှိရင် ဘယ်သူမှ သိပ်မကူညီနိုင်တဲ့ ရှမ်းပြည်မြောက်ပိုင်း ဟိုဘက်ဒီဘက်ကြားထဲက နေရာမျိုးဆိုရင် အကူအညီက မရှိတဲ့အတွက်ကြောင့်မို့လို့၊ အင်တာနက်မရှိတဲ့ နေရာတွေက အများကြီးဆိုတော့ သတင်းအချက်အလက်ကလည်း ရနိုင်ဖို့ အင်မတန်နည်းတယ်။ ဒါကြောင့်မို့လို့ ပိုပြီး စိတ်ပူတယ်ပေါ့။ ဥပမာဆိုရင် ကျမတို့ ကွတ်ခိုင် နမ်းဖျန်က ဒီ IDP Camp မှာ သေသွားပြီဖြစ်တဲ့ ဒီ လူနာနံပါတ် ၅ နဲ့အတူ စင်ကာပူကနေ လေယာဉ်စီးလာတဲ့ တယောက်က လာနေသွားတဲ့အခါမှာ၊ တော်သေးတာပေါ့ အဲ့ဒီလူက Positiveမပြသေးလို့။” ဝမ်ပေါင်နိမ်းထွဲလို လူသားချင်းစာနာမှု အဖွဲ့တွေက မြန်မာနိုင်ငံဆိုင်ရာ WHO အဖွဲ့ရဲ့ ထောက်ပံ့မှုနဲ့ စစ်ရှောင်စခန်းတွေထဲ ကိုဗစ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးတာ၊ ပိုးသတ်ဆေးဖျန်းတာတွေ သွားလုပ်နေပေမယ့် တရုတ်ပြည်ကနေ ပြန်လာသူတွေကြောင့် စခန်းတွင်း လူပိုများလာတဲ့အတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေါ်မေရီတွမ်ကပြောပါတယ်။ “အဲ့ဒီ IDP တွေရဲ့အိမ်က တခုနဲ့တခုက ၆ ပေလောက်ပဲ ကွာတာလေ။ အဲလိုဆိုတော့ အိမ်တွေကြားမှာ လမ်းလေးတွေက ၆ ပေလောက် သေးသေးလေးတွေပဲရှိတာ။ အိမ်ထဲကနေ အိမ်ပြင်ထွက်လိုက်တာနဲ့ သူတို့က တယောက်နဲ့တယောက် ထိတွေ့ပြီးသား ဖြစ်နေပြီပေါ့နော်။ ပြောရမယ်ဆို ကျမတို့က အရမ်းစိုးရိမ်ပါတယ်။ အဲဒါကြောင့်ပဲ ဖေဖေါ်ဝါရီလဆန်းမှာ ဒီရောဂါအကြောင်း ကြားတာနဲ့ ဒီဒုက္ခသည်စခန်းမှာ ဖြစ်လာရင် မလွယ်ဘူးဆိုတဲ့ စိတ်နဲ့၊ ကျမတို့လည်း စခန်းထဲက ကိုဗစ်ကာကွယ်ရေး ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့နဲ့ အတူ ဖေဖော်ဝါရီ ၅ ရက်ကစပြီး သူတို့ကို လက်ဆေးတဲ့ ပညာပေးတွေ၊ လက်ဆေးဆပ်ပြာ ဝေပေးတာတွေ ရှိတယ်။ လက်ရှိအခြေအနေကတော့ နယ်စပ်မှာ အလုပ်သွားလုပ်တဲ့သူတွေ အကုန်ပြန်လာကြပြီ။ ပြီးရင် သူတို့မှာ စားဖို့ သောက်ဖို့ ဆန်ဆီဆားပဲရှိမယ်၊ အခြားဟာတွေက လိုတယ်။ ကလေးတွေက ဘယ်လိုလုပ်မလဲ ဆိုတဲ့ဟာမျိုးပေါ့လေ၊ ဒါမျိုးကို စစ်ရှောင်တွေကိုယ်တိုင်ကလည်း စိုးရိမ်တယ်။ အဓိကကတော့ အစိုးရအနေနဲ့ကလည်း ပိုပြီး ဖြစ်နိုင်ခြေ အလားအလာများတဲ့ ဒုက္ခသည်တွေ အရေးကိုလည်း ဦးစားပေး စဉ်းစားပြီးတော့ ပူးပေါင်းလုပ်ဆောင်ပေးသွားနိုင်ရင် ပိုကောင်းမယ်လို့ မြင်ပါတယ်။” လောလောဆယ်မှာတော့ KIO ထိန်းချုပ်ထားတဲ့ လိုင်ဇာမှာ COVID-19 သံသယလူနာ ၄ ဦးတွေ့ထားပြီး တရုတ်ပြည်ဘက်မှာ ဆေးစစ်တာမျိုး လုပ်ထားတယ်လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။ တရုတ်-မြန်မာနယ်စပ်မှာ တရုတ်စစ်တပ် ဖြန့်ချထားပြီး တင်းကျပ်ထားပါတယ်။ မြန်မာနိုင်ငံဘက်က ဖရဲသီးကားတွေ တရုတ်နယ်စပ်နားထိ သွားနေပေမယ့် လိုင်ဇာ-နမ်ဆိုင်ယမ်ကြား ကွင်းပြင်တခုမှာ ပစ္စည်းတွေပုံထားပြီး တရုတ်ဘက်က ကုန်ကားတွေ လာသယ်သွားတာကလွဲလို့ တရုတ်-မြန်မာနယ်စပ် အဝင်အထွက်ကို တင်းကျပ်ထားပါတယ်။

Post a Comment

0 Comments