ကပ်ရောဂါဘေးကြောင့် စီးပွားရေးထိခိုက်မှု နည်းအောင် ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတချို့ တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ကူးစက်မှုတွေနဲ့ သေဆုံးသူဦးရေ တိုးလာနေတာနဲ့အတူ စီးပွားရေးမှာပါ ထိခိုက်မှုရှိနေတာကို လျှော့ချနိုင်ရေးအတွက် ကမ္ဘာတဝှမ်း ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံပေါင်း ၁၃ နိုင်ငံက ပန်ကြားလိုက်ပါတယ်။ ဒီအချိန်ဟာ လူသားတွေရဲ့ အသက်ကို ကယ်တင်ဖို့နဲ့အသက်မွေး ရှင်သန်နေထိုင်ဖို့အတွက် အတူတကွ လက်တွဲဆောင်ရွက်ဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ကြောင်း ဗြိတိန်၊ အင်ဒိုနီးရှား၊ ဂျာမနီ၊ စပိန်၊ တူရကီနဲ့ ကနေဒါနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။ ဒီအဖွဲ့ထဲမှာ အီတလီ၊ ဘရာဇီးလ်၊ ပြင်သစ်၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ မော်ရိုကိုနဲ့ ပီရူးနိုင်ငံတွေပါ ပါဝင်ပြီး နိုင်ငံအားလုံးဟာ လူထုကျန်းမာရေး၊ ခရီးသွားလာမှု၊ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာတွေမှာ ထိခိုက်မှု အနည်းဆုံးနဲ့ ပြန်လည်ကောင်းမွန်လာစေရေးအတွက် လက်တွဲလုပ်ဆောင်ကြမယ်လို့လည်း ကတိပြုခဲ့ကြပါတယ်။ တားမြစ်ကန့်သတ်ချက်တွေကြောင့် ကမ္ဘာ့စီးပွားရေးအပေါ်မှာ ထိခိုက် သက်ရောက်မှု ရှိနေပေမယ့်လည်း နိုင်ငံအများစုနဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေကတော့ တားမြစ်ကန့်သတ်ချက်တွေ ရုပ်သိမ်းပေးရေးအတွက် သတိထားနေကြဆဲပါ။ အမေရိကန်-ကနေဒါ နယ်စပ်ဖြတ်ပြီး အရေးတကြီး မလိုအပ်တဲ့ ခရီးသွားလာမှုတွေကို နောက်တလ ဆက်ပိတ်ထားမယ်လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau က စနေနေ့မှာ ကြေညာခဲ့ပါတယ်။ စနေနေ့မှာ အမေရိကန်ပြည်ထောင်စုမှာ ဒီရောဂါအကူးစက်ခံရသူ ၇၀၆,၈၀၀ နဲ့သေဆုံးသူကလည်း ၃၇,၀၀၀ ဖြစ်လာနေပါပြီ။ ဒါပေမယ့် သမ္မတ Donald Trump က ပြည်နယ်တချို့အတွက် နေအိမ်တွေမှာပဲနေဖို့ ကန့်သတ်ချက်တွေကို ပြန်ပြီးဖြေလျှော့ပေးဖို့ စဉ်းစားနေတာပါ။ ဒီရောဂါဒဏ်ကို အဆိုးဝါးဆုံး ခံစားနေရတဲ့ နယူးယောက်မှာ COVID-19 စမ်းသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရေးနဲ့ ပတ်သက်ပြီး နယူးယောက်အုပ်ချုပ်ရေးမှူး Andrew Cuomo နဲ့ သမ္မတ Donald Trump တို့ကြားသောကြာနေ့က အချေအတင် ဖြစ်ခဲ့ကြပါတယ်။ ဒီလို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့ ဗဟိုအစိုးရက အကူအညီ သိပ်မပေးဘူးလို့ နယူးယောက် အုပ်ချုပ်ရေးမှူးက ဝေဖန်ပါတယ်။ ဒီစမ်းသပ်စစ်ဆေးမှုတွေလုပ်ဖို့ ပြည်နယ်အစိုးရမှာ တာဝန်ရှိတယ်လို့ သမ္မတက တုံ့ပြန်ခဲ့တာပါ။ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကူးစက်ခံရသူပေါင်း ၂ ဒသမ၂ သန်းကျော် ရှိနေသလို ဒီရောဂါနဲ့ သေဆုံးရသူပေါင်းကလည်း ၁၅၄,၀၀၀ ကျော်နေပြီလို့ Johns Hopkins တက္ကသိုလ်စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Post a Comment

0 Comments