ကမ္ဘာတဝှမ်း COVID-19 ကူးစက်သူ တသန်းကျော်သွားပြီ

ကမ္ဘာတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားသူ တသန်းကျော် ရှိနေပြီး သေဆုံးသူက ၅ သောင်းကျော် ရှိနေပါပြီ။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ် Tedros Adhanom Ghebreyesus ကတော့ ဒီရောဂါဟာ အရှိန်မြန်မြန်နဲ့ ပြန့်နှံ့ နေတာကို အထူးစိုးရိမ် နေရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဆင်းရဲသားတွေ၊ အသွားအလာ မလုပ်ဖို့ အမိန့်တွေထုတ်ထားတဲ့ ဒေသတွေက ထိခိုက် လွယ်တဲ့ သူတွေ အတွက် ပိုစိုးရိမ်ရကြောင်းနဲ့ သူတို့အတွက် လူမှုဖူလုံရေး အစီအစဉ် တွေ တိုးလုပ်ပေးဖို့ မတတ်နိုင်တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက် အကူအညီတွေ ပေးကြဖို့ပါ ပန်ကြားလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု မှာတော့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးရသူက ၅ ထောင် ကျော်သွားပါပြီ။ အမေရိကန်ရဲ့ ဒုတိယ အကြီးဆုံး မြို့ကြီးဖြစ်တဲ့ Los Angeles က မြို့တော်ဝန်ကတော့ သူ့မြို့သားတွေ အပြင်ထွက်ရင် နှာခေါင်းစည်းတွေ တပ်ဖို့ တိုက်တွန်း နေပါတယ်။ အမေရိကန် ဗဟိုအစိုးရ ကျန်းမာရေး အရာရှိတွေကတော့ လူတွေကို နှာခေါင်းစည်း တပ်ဖို့ အခုထိ အကြံမပြုသေးပါဘူး။ ဒီရောဂါပိုး ရှိနေသူတိုင်း ရောဂါ လက္ခဏာ ပြလေ့ မရှိတဲ့ အတွက် ဘယ်သူမဆို ဒီရောဂါပိုး ကူးစက်အောင် သယ်ဆောင်သူ ဖြစ်နေနိုင်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေး ဗဟိုဌာန CDC က ဗုဒ္ဓဟူး နေ့ကပဲ သတိပေးထားတာပါ။ စင်္ကာပူမှာ လေ့လာချက်အရ ရောဂါ နောက်ထပ် အကူးစက် ခံရသူ အားလုံးရဲ့ ၁၀ % ဟာ ဒီလို ရောဂါ လက္ခဏာ တစုံတရာ မပြတဲ့ လူဆီက ကူးစက်တာ ဖြစ်ကြောင်း သိရသလို တဦးနဲ့တဦး ခပ်ခွာခွာ နေတဲ့ စနစ်ကို ကျင့်သုံးတာဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်းလည်း ပြောပါတယ်။

Credit

Post a Comment

0 Comments