COVID-19 အတည်ပြုလူနာ ၂၀၀ နီးပါး တပြိုင်ထဲကုသနိုင်ရေး ရန်ကုန်မှာပြင်ဆင်ထား

မြန်မာနိုင်ငံမှာရှိတဲ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာတွေကို သီးသန့်ထားရှိပြီး ကုသ ဆောင်ရွက်ပေးနေတဲ့အနေအထားကို တင်ဆက်ပေးပါမယ်။ COVID-19 အတည်ပြုလူနာတွေ ထားရှိဖို့ ရန်ကုန်တိုင်းဒေသကြီးမှာ နောက်ထပ် နေရာနှစ်နေရာ ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ နောက်ထပ်တိုးလာနိုင်မယ့် လူနာအရေအတွက်ပေါ် မူတည်ပြီးတော့လည်း ဆေးရုံကြီးတွေမှာ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။  မြန်မာနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူဟာ မနေ့က ညထုတ်ပြန်ချိန်အထိဆို ၁၆ ဦးအထိ ရှိထားပါပြီ။ အဲဒီထဲက လူနာ ၁၂ ဦးကို ဝေဘာဂီအထူးကုဆေးရုံကြီးမှာ သီးသန့်ထားရှိပြီး ကုသပေးနေတာပါ။ ပြည်တွင်းမှာ COVID-19 ရောဂါဖြစ်လာသူ တိုးလာနေလို့ ဒီလူနာတွေကို သီးသန့်ထားပြီး ကုသပေးမယ့် နေရာတွေကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုးချဲ့ဆောင်ရွက်နေတာပါ။ ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်လူနာတွေကို ဝေဘာဂီဆေးရုံမှာ အရင်က ကုသပေးနေပေမယ့် အခုနောက်ပိုင်းမှာ ဓာတ်ခွဲအတည်ပြုလူနာတွေကိုပဲ လက်ခံဖို့အတွက် စီစဉ်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဗွီအိုအေကိုပြောပါတယ်။  “လူနာ ၁၇ ယောက်ကို လက်ခံပြီးတော့ ICU Service ပေးနိုင်တဲ့ စက်ပစ္စည်းကိရိယာ၊ လူနာကုတင်၊ အခန်းတွေကို ကျနော်တို့ စီစဉ်ထားပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာ အနေနဲ့ ဆိုရင်တော့ လက်ရှိပြင်ဆင်ထားတဲ့ အခန်းအနေအထားအရ လူနာ ၈၀ အထိ လက်ခံလို့ရတဲ့ အခြေအနေမှာ ရှိပါတယ်။” COVID-19 ဟာ ကူးစက်မြန်တဲ့ရောဂါ ဖြစ်တဲ့အတွက် ပြည်တွင်းမှာ ကူးစက်ခံထားရသူ ရှိထားပြီးရင် နောက်ထပ်လူနာအရေအတွက်ဟာ တရှိန်ထိုး တက်လာနိုင်တဲ့အတွက်ကြောင့် ဝေဘာဂီဆေးရုံမှာ လူနာတွေကိုထားရှိဖို့ နေရာမလုံလောက်တော့ရင် တောင်ဥက္ကလာပ အမျိုးသမီးနဲ့ ကလေးဆေးရုံကြီးက လူနာဆောင်သစ်မှာ ထားရှိဖို့ ပြင်ဆင်ထားပြီး ဖြစ်တဲ့အကြောင်းကိုလည်း ဒေါက်တာသာထွန်းကျော်က ဆက်ပြောပါတယ်။ “အဲဒီတောင်ဥက္ကလာပဆေးရုံကြီးမှာ အတည်ပြုလူနာ အယောက် ၈၀ အတွက် နေရာထိုင်ခင်းစီစဉ်ပြီး ဖြစ်ပါတယ်။ အဲဒီထဲကမှ ရောဂါပြင်းထန်လာတဲ့လူနာတွေအတွက် ကျနော်တို့က အဲဒီမှာ ICU Service လို့ခေါ်တဲ့ တကယ့်ကို Intensive Care ပေးရမယ့် Ventilator ပေးရမယ့် လူနာ ၁၂ ယောက်စာအတွက် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။” ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အခုပြင်ဆင်ဆောင်ရွက်ထားတဲ့ နေရာနှစ်နေရာအရဆို အတည်ပြုလူနာ ၂၀၀ နီးပါးအတွက် အဆင်သင့်ဆောင်ရွက်ပြီးတဲ့ အခြေအနေမှာ ရှိနေတာပါ။ အဲဒီပြင်ဆင်ထားတဲ့ နေရာနှစ်နေရာလုံးမှာ လူနာတွေပြည့်သွားခဲ့ရင်လည်း နောက်ထပ်ထားရှိနိုင်ဖို့အတွက် ဆေးရုံတွေမှာ ကြိုတင်ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ နေရာနှစ်နေရာလုံးဟာ ရန်ကုန်မြို့မှာ တည်ရှိနေပေမယ့် တခြားဒေသကလူနာတွေအတွက်ကိုလည်း ဆေးရုံကြီးတွေမှာ လက်ခံကုသနိုင်အောင် သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနတွေကနေ ပြင်ဆင်ထားတယ်လို့ ဒေါက်တာသာထွန်းကျော်က အခုလိုရှင်းပြပါတယ်။  “ရန်ကုန်လိုနေရာမျိုးကတော့ လူဦးရေလည်းထူထပ်တယ်။ ဓာတ်ခွဲအတည်ပြုလူနာတွေလည်း များများထွက်မယ်လို့ ရည်ရွယ်ထားတဲ့အတွက်ကြောင့် ရန်ကုန်မှာ ဒီရောဂါအတွက် သီးခြားဆေးရုံတွေဖွင့်လှစ်ပြီးတော့ ကုသဖို့အတွက် စီစဉ်နေတာဖြစ်ပါတယ်။ ဒါတင်မကဘူး တခြားသောပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ အထွေထွေရောဂါကုဆေးရုံများကလည်း ကိုယ့်ဒေသမှာ အတည်ပြုလူနာရှိခဲ့ရင် လက်ခံကုသလို့ရအောင် ကျနော်တို့ ဝန်ကြီးဌာနကနေပြီးတော့ ဆေးရုံတွေကို ပြင်ဆင်ထားပါတယ်။” လတ်တလောမှာ COVID-19 ရောဂါဖြစ်ပွားနေသူ ၁၆ ဦးမှာ အများစုက ရောဂါဖြစ်ပွားရာဒေသက ရောက်လာသူတွေ ဖြစ်ပါတယ်။ နိုင်ငံတွင်းကို ပြည်ပကနေ အစုလိုက်အပြုံလိုက် ပြန်ရောက်လာသူတွေ များတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်ထွက်တာကို ရှောင်ကြဉ်ကြဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးထားပါတယ်။ အသွားအလာ ကန့်သတ်ခံထားရသူတွေအနေနဲ့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားတဲ့အချက်တွေကို တိတိကျကျလိုက်နာပေးဖို့ကိုလည်း ဒေါက်တာသာထွန်းကျော်က တိုက်တွန်းထားပါတယ်။ “ပိုပြီးအရေးတကြီးပြောချင်တာက လက်ရှိမှာ Home Quarantine ၊ Facility Quarantine အလုပ်ခံထားရတဲ့ ကျနော်တို့ နိုင်ငံသူ၊ နိုင်ငံသားတိုင်းကို ပိုပြီးတော့ပြောချင်ပါတယ်။ သက်ဆိုင်ရာဒေသတွေကနေ စီစဉ်ပေးထားတဲ့ နေရာတွေမှာ ၁၄ ရက်ကို ညွှန်ကြားချက်အတိုင်း ပြည့်ပြည့်ဝဝနေပေးဖို့အတွက် ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ တိုက်လည်းတိုက်တွန်းသလို၊ တောင်းလည်းတောင်းပန်လိုပါတယ်။” ဒီကနေ့စာရင်းတွေအရ နိုင်ငံပေါင်း၂၀၃ နိုင်ငံကို ကူးစက်ခဲ့ပြီး လူပေါင်း ၉၄၀,၀၀၀ ကျော်ကို ကူးစက်ခဲ့တာပါ။ ဒီရောဂါကြောင့် သေဆုံးခဲ့သူ ၄၈,၀၀၀ ကျော်ရှိခဲ့ပေမယ့် ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၂၀၀,၀၀၀ ကျော်အထိရှိထားပြီး ဖြစ်ပါတယ်။

Credit 

Post a Comment

0 Comments