ကိုရိုနာဗိုင်းရပ်စ်က မိန်းမထက် ယောကျာ်းတွေမှာ ပိုပြီးအဖြစ်များနေ


နယူးယောက်မြို့တော်ကြီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုတွေ ပေါက်ကွဲနေတုန်းမှာပဲ ကဲဒရာ ဂျက်ဆန်ကတော့ Mount Sinai Morningside ဆေးရုံကြီးက အရေးပေါ်ဌာနမှာ ညဆိုင်းတာဝန်ကျနေတုန်းမှာပဲ ထူးခြားချက်တစ်ခုကို သတိပြုမိလာခဲ့ပါတယ်။ ရောဂါသည်းသန်ပြီး ရောက်လာကြတဲ့သူတွေက ယောကျာ်းတွေများသလိုပဲလို့ အရေးပေါ် အထွေထွေကုဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဂျက်ဆန်က ပြောပါတယ်။ “များသောအားဖြင့်တော့ ယောကျာ်းလူနာတွေကို တွေ့ရများတယ်။ သူတို့က ပိုပြီးသည်းသန်တဲ့ အနေအထားနဲ့ ရောက်လာတတ်တယ်”လို့ သူမက ပြောပါတယ်။
ဒါပေမယ့်လည်း သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ကပ်ရောဂါတိုက်ပွဲမှာ ရှေ့တန်းကလူများပီပီ Covid-19မှာ ဘာ့ကြောင့် ယောကျာ်းတွေက မိန်းမတွေထက် ပိုပြီးသည်းသန်ရသလဲဆိုတာကို စဉ်းစားနေချိန် မရှိပါဘူး။ တုပ်ကွေးလို တခြားရောဂါတွေမှာလည်း ဒီလိုဖြစ်သလား သူမ မမှတ်မိတော့ပါဘူး။ “ယောကျာ်းတွေ ပိုသည်းသန်ရတဲ့ ရှင်းလင်းတဲ့ အကြောင်းပြချက်ကို မတွေ့သေးပါဘူး”လို့ သူမက ပြောပါတယ်။
ဒါပေမယ့်လည်း ပြည်နယ်ပေါင်း တစ်ဒါဇင်ကျော်နဲ့ အကြီးဆုံးမြို့ကြီးက ကိုရိုနာဗိုင်းရပ်စ်အချက်အလက်တွေကတော့ ဂျက်ဆန်ရဲ့ အတွေ့အကြုံကို ထောက်ခံနေကြပါတယ်။ ပြည်နယ်အများစုမှာ မိန်းမတွေက ယောကျာ်းတွေထက် နည်းနည်းပိုပြီး အကူးစက်ခံရပေမယ့်လည်း ပြည်နယ်၁၃ခုနဲ့ နယူးယောက်က သေဆုံးသူ ၃၆၀၀ကျော်ထဲမှာတော့ ယောကျာ်းတွေက အများစုဖြစ်နေပါတယ်။
ဒီလို ယောကျာ်း-မိန်းမ သေဆုံးမှုအချိုးမညီတာက ဇီဝဗေဒအကြောင်းတရားတွေ ရှိနေပုံရပါတယ်။ သုတေသနအဖွဲ့တစ်ဖွဲ့ကတော့ မိန်းမတွေဟာ သူတို့ရဲ့ ကိုယ်ခံအားစနစ်ထဲက ဟော်မုန်းတွေကြောင့်ရော သူတို့ရဲ့ မျိုးဗီဇထဲက X ခရိုမိုဇုန်းနှစ်ခုကြောင့်ပါ ကူးစက်မှုကို တိုက်ထုတ်ရာမှာ ပိုမိုကောင်းမွန်တယ်လို့ တွေ့ရှိဖော်ထုတ်ထားပါတယ်။
သိပ္ပံပညာရှင်တွေကတော့ ဒီလိုခြားနားချက်တွေဟာ ဘာ့ကြောင့် ယောကျာ်းတွေက Covid-19ဒဏ်ကို ပုံခံရသလဲဆိုတာကို ရှင်းပြနိုင်ကောင်းတယ်လို့ ပြောကြားကြပါတယ်။ ဒီဖြစ်စဉ်ကနေပြီး ကုသဖို့ လမ်းစတွေ့နိုင်တယ်လို့ ဆိုပါတယ်။
Credit

Post a Comment

0 Comments