ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပိတ်လိုက်ပြီ

ထိုင်းနိုင်ငံက နေရပ်ပြန်မြန်မာတွေကို နားလည်မှုနဲ့တံတားဖွင့်ပေးတာတွေကို ဧပြီလ ၁ ရက်နေ့ စတင်ပြီး ထိုင်းဘက်က ပိတ်ပင်လိုက်ပါပြီ။ မြန်မာအလုပ်သမားတွေကို ကားငှားတဲ့ ကားသမားတွေကိုလည်း မလိုက်နာရင် ငွေဒဏ် ၁၀၀,၀၀၀ ထောင်ဒဏ် တနှစ်ချမယ်လို့ ထိုင်းဘက်က ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ဒီသတင်းကို တင်ဆက်ပေးပါမယ်။  ထိုင်းဘက်က အခုလို ထုတ်ပြန်ပြီး တံတားကနေ မြန်မာတွေကို ပြန်ခွင့်မပြုတာဟာ မြန်မာဘက်က နယ်စပ်အာဏာပိုင်တွေက မေတ္တာရပ်ခံတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ စောင့်ကြည့်စစ်ဆေးဖို့ စင်တာတွေ အသင့် မဖြစ်သေးတာကြောင့် နယ်စပ်ပြန်တွေအနေနဲ့ ဧပြီ ၁၅ ရက်နေ့ နောက်ပိုင်းမှာပြန်ကြဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မေတ္တာရပ်ခံပြီးတဲ့နောက် အခုလို ပိတ်လိုက်တာဖြစ်ကြောင်း အလုပ်သမားတွေကိုအကူအညီပေးနေတဲ့ AAC မဟာမိတ်အဖဲွဲရဲ့ ဒါရိုက်တာဦးခိုင်ကြီးက ပြောပါတယ်။  "တံတား ဟိုဘက်၊ ဒီဘက် ချစ်ကြည်ရေးအရ တံတားမဖွင့်ပေးဖို့ မေတ္တာရပ်ခံတာကြောင့် ဒါကြောင့်ပိတ်လိုက်တာပါ။ ပြည်တော်ပြန် အလုပ်သမားတွေကို ၁၄ ရက် ရောဂါစောင့်ကြည့်ဖို့ သူတို့မှာ နေရာထိုင်ခင်း အဆင်သင့်မဖြစ်သေးတာကြောင့် ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှ ပြန်ဖွင့်ပေးပါလို မေတ္တာရပ်ခံလို့ ထိုင်းဘက်က ဒီလိုတားမြစ်ရတယ်လို့ ပြောတယ်။" ထိုင်းမှာက ပြီးခဲ့တဲ့ မတ်လ ၂၆ လောက်ကတည်း ဘန်ကောက် မဲဆောက်နဲ့ တခြား နယ်မြို့တွေကနေ နယ်စပ်ကို ပြန်ဆင်းတဲ့ ပုံမှန်ပြေးဆွဲနေတဲ့ လိုင်းကားတွေလည်း ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကကားတွေကတော့ သွားလာနေဆဲဖြစ်တာကြောင့် တချို့အလုပ်သမားတွေက စုငှားပြီး နယ်စပ်ကိုပြန်လာနေတာပါ။ အခုအခါမှာတော့ ပုဂ္ဂလိက ကားတွေကိုလည်း ပိတ်ပင်လိုက်တာကြောင့် အလုပ်သမားတွေကို မသယ်ဆောင်ကြတော့ဘူးလို့ ဆိုပါတယ်။ "ထိုင်းမှာက အစိုးရလိုင်းကားတွေ ပုဂ္ဂလိက ကားတွေ ဆိုတာ ရှိတယ်။ အစိုးရကားတွေကို ပိတ်လိုက်တယ်။ အခုပုဂ္ဂလိက ကားတွေ ထပ်ပိတ်တာ မသယ်လာနဲ့ သယ်လာတာနဲ့ ဒဏ်ငွေ ၁၀၀,၀၀၀ ရိုက်မယ် ထိုင်း ကားသမားတွေကို ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တနှစ် ကျမယ်ဆိုပြီး ထိုင်းအစိုးရတံဆိပ်နဲ့ ထုတ်ပြန်လိုက်တာ။" အခုလို မြန်မာဘက်က ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ နေရပ်ပြန်တွေကို ဧပြီ ၁၅ နောက်ပိုင်းမှ ပြန်လာဖို့မေတ္တာရပ်ခံခဲ့ပေမဲ့ အိမ်ပြန်အပ်ပြီး နေရပ်ကိုအပြီးပြန်ကြမဲ့ အလုပ်သမားတွေဘက်မှာလည်း အခက်အခဲတွေ ရှိတယ်လို့ ဆိုပါတယ်။ "အခု မြန်မာအလုပ်သမားတွေကတော့ ၃၁ ရက်နေ့မှာ သူတို့ အလုပ်တွေပြီးရင် ၅ ရက်နေ့ကျမှ ပိုက်ဆံထွက်မယ်။ အလုပ်ရှင်က ပိုက်ဆံရှင်းမယ်။ အဲဒီတော့ အလုပ်သမားတွေကို ၅ ရက်နေ့မှာ ပြန်မယ့် အလုပ်သမားတွေအတွက် အခန်းတွေ အပ်ပြီးသားဆိုတော့ အခန်းတွေကလည်း လက်မခံတော့ဘူး။ သူတို့တွေလည်း အရမ်းဒုက္ခရောက်ပါတယ်။" ဧပြီလ ၁ ရက်နေ့မှာတော့ မြန်မာဘက်ကလည်း တံတားကို ပိတ်ထားသလို့ ထိုင်းဘက်ကလည်း မြန်မာဘက်ကို ဝင်ခွင့်မပြုတာကြောင့်နယ်စပ်မှာ ရောက်ရှိနေပြီးသား အလုပ်သမားတွေလည်း အခက်အခဲရှိနေပါတယ်။ 

Credit

Post a Comment

0 Comments