ဒုက္ခသည်စခန်းတွေမှာ COVID-19 အန္တရာယ်ကာကွယ်ရေး ကုလပြင်ဆင်

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က အကူအညီပေးနေတဲ့ နိုင်ငံတကာက ဒုက္ခသည်စခန်းတွေထဲမှာ COVID-19 ရောဂါ တားဆီးကာကွယ်ရေး လုပ်ဆောင်ချက်တွေကို ဒီကနေ့ ချမှတ်လိုက်ပြီး အဲဒီထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေလည်း ပါဝင်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည် ၈၀၀,၀၀၀ ခွဲလောက် ပြည့်ကျပ်နေထိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စခန်းတွေထဲက ကျန်းမာရေးဌာနတွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအတွက် COVID-19 ဆိုင်ရာသင်တန်းတွေ စပေးနေပြီလို့ UNHCR ရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ☛ COVID-19 ကာကွယ်ရေး ရိုဟင်ဂျာစခန်းတွေ ပြင်ဆင်တဲ့ အကြောင်းလည်း ဖတ်နိုင်ပါပြီ။ ရောဂါပိုး တားဆီးကာကွယ်ရေး အရေးကြီးတဲ့ လုပ်ငန်းတွေအတွက် ကျန်းမာရေးလုပ်အားပေး ဒုက္ခသည် ၂,၀၀၀ ကျော်ဟာ လူမှုအဝန်းအဝိုင်းခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ လက်တွဲလုပ်ဆောင်နေကြတယ်လို့ UNHCR က ပြောပါတယ်။ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အသိပညာပေးတာတွေကို ရိုဟင်ဂျာ၊ ဗမာ၊ ဘင်္ဂါလီ ဘာသာစကားသုံးမျိုးနဲ့ ရေဒီယိုကနေ ထုတ်လွှင့်တာ၊ ဗွီဒီယိုနဲ့ပြသတာ၊ ပိုစတာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အားလုံးအတွက် ဆပ်ပြာနဲ့ ရေ အလုံအလောက်ရစေဖို့နဲ့ လက်ဆေးလို့ရတဲ့နေရာတွေ ပိုပြီးချထားပေးဖို့ လုပ်နေပြီလို့လည်း UNHCR ကပြောပါတယ်။ ဒုက္ခသည်တွေနဲ့ စခန်းအနီးအနားက ဒေသခံလူထုအတွက် သီးခြားခွဲထားရေးနဲ့ ကုသရေး ဌာနတွေဖွင့်လှစ်ဖို့ အစီအစဉ်တွေလည်း လုပ်ဆောင်နေပါတယ်။ ဒုက္ခသည်တွေကြားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုအရေအတွက် အများကြီး ရှိမနေပေမဲ့လည်း ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ ဒေသခံတွေကြားမှာ ဗိုင်းရပ်စ်ပိုးရဲ့ သက်ရောက်မှုဒဏ်ကို ခံစားရမယ့်အရေး သိပ်ကိုစိုးရိမ်မိတယ်လို့ UNHCR အကြီးအကဲ Filippo Grandi ကပြောပါတယ်။ ရိုဟင်ဂျာလို့ခေါ်ဆိုတာကို မြန်မာအစိုးရဘက်က အသိအမှတ်မပြုဘဲ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီအစဉ်တွေ ချမှတ်ထားပေမဲ့ အခု COVID-19 ကပ်ရောဂါဘေး ရင်ဆိုင်နေရချိန်မှာ ဒီအစီအစဉ်တွေအားလုံး ရပ်တန့်နေပါတယ်။

Credit

Post a Comment

0 Comments