မြန်မာမှာ COVID-19 ကူးစက်သူ ၄ ဦး ထပ်မံအတည်ပြု

မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်ထားသူ နောက်ထပ် ၄ ယောက် တေ့ွရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်တဲ့အတွက် လက်ရှိ ရောဂါပိုးကူးနေသူ စုစုပေါင်း ၁၄ ယောက် ရှိနေပါတယ်။  COVID-19 အတည်ပြုလူနာဖြစ်တဲ့ ဧည့်လမ်းညွှန်တယောက်နဲ့ ဆက်စပ်ပြီး ဟိုတယ်တခုမှာ အသွားအလာကန့်သတ် စောင့်ကြည့်ခဲ့တဲ့ ပြင်သစ်လူမျိုး ၄ ယောက်ထဲက ၃ ယောက်မှာ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  သူတို့ ၃ ယောက်လုံး လောလောဆယ် ရောဂါလက္ခဏာ တစုံတရာ မပြသသေးပေမဲ့ ဝေဘာဂီ အထူးကုဆေးရုံမှာ ကုသမှုခံယူစေမယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။ နောက်ထပ်ရောဂါပိုးတေ့ွသူ တယောက်ကတော့ ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပါတယ်။  ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ မတ်လ ၂၅ ရက်နေ့က တာချီလိတ်မြို့ဘက်ကို ပြန်လာသူဖြစ်ပြီး တာချီလိတ်ကနေ မန္တလေးကို လေကြောင်း၊ မန္တလေးကနေ ကျောက်မဲမြို့ကို ကိုယ်ပိုင်ကား စသဖြင့် အဆင့်ဆင့်သွားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။  မတ်လ ၂၈ ရက်နေ့မှာ ရောဂါလက္ခဏ္ဍာတွေပြတာကြောင့် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှာ ပြသခဲ့ရာက COVID-19 ရောဂါဖြစ်နေကြောင်း စစ်ဆေးတွေ့ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ လတ်တလောမှာတော့ လူနာကျန်းမာရေး အခြေအနေကောင်းတယ်လို့လည်း ဖော်ပြထားပါတယ်။ COVID-19 ရောဂါ အတည်ပြုနိုင်တဲ့လူနာတွေမြန်မာနိုင်ငံမှာ တေ့ွနေရတာမို့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်တွေကို တိတိကျကျ လိုက်နာကြဖို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
#credit

Post a Comment

0 Comments