COVID-19 ကို အမေရိကန်က တရုတ်ထဲပို့လိုက်ခြင်းဖြစ်နိုင်သည်ဟု တရုတ်တာဝန်ရှိသူ စွပ်စွဲ

အမေရိကန်သည် COVID-19 ကို တရုတ်ပြည်တွင်း ယူသွင်းလာခြင်းဖြစ်နိုင်သည်ဟု တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက အထောက်အထားမဲ့စွပ်စွဲလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီဂျန်က မတ် ၁၂ ရက်တွင် တွစ်တာပေါ်၌ စွပ်စွဲရေးသားလိုက်ခြင်းဖြစ်သည်။ တရုတ်ဆိုရှယ်မီဒီယာများပေါ်တွင်လည်း အလားတူပင် COVID-19 အရေး အမေရိကန်ကို အထောက်အထားမဲ့စွပ်စွဲမှု အများအပြားထွက်ပေါ်လျက်ရှိသည်။ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့ အကြီးအကဲ ကိုယ်တိုင်က COVID-19 သည် ဟူပေးပြည်နယ် ဝူဟန်မြို့ တောရိုင်းတိရစ္ဆာန်ဈေးမှ စတင်ခဲ့သည်ဟုဆိုထားသည့်တိုင် အွန်လိုင်းပေါ်တွင် အမျိုးမျိုးစွပ်စွဲမှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။

ဝူဟန်မြို့က စတင်ခဲ့သဖြင့် ဝူဟန်ဗိုင်းရပ်စ်ဟု အမေရိကန်တာဝန်ရှိသူများက ခေါ်တွင်နေခြင်းကိုလည်း တရုတ်အာဏာပိုင်များက မကျေမနပ်ပြစ်တင်လျက်ရှိသည်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့ (CDC) အကြီးအကဲက လွှတ်တော်တွင် ထွက်ဆိုချက် ဗီဒီယိုတစ်ခုကို ကျောင်က တွစ်တာတွင် တင်ထားသည်။ ထိုဗီဒီယိုထဲတွင် အဖျားရောဂါဖြင့် သေဆုံးသည့် အမေရိကန်နိုင်ငံသားအချို့ကို နောက်ပိုင်းတွင် စစ်ဆေးကြည့်ချက်အရ COVID-19 ဖြင့် သေဆုံးခြင်းဖြစ်ကြောင်း တွေ့ရသည်ဟု CDC အကြီးအကဲက ထွက်ဆိုထားသည်။ အမေရိကန်တွင် COVID-19 စဖြစ်ပြီးနောက်တွင်မှ ဝူဟန်သို့ ကူးစက်လာခြင်းဖြစ်ကြောင်း ကျောင်က ဝေဖန်ပြောကြားသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည်လည်း COVID-19 အကြောင်း မှတ်ချက်ပေးပြောကြားရာတွင် ဝူဟန်ဗိုင်းရပ်စ်ဟု ထည့်သွင်းပြောကြားခဲ့သဖြင့် တရုတ်အစိုးရက ပြင်းထန်စွာဝေဖန်ခဲ့သည်။

ဝူဟန်မြို့ တာဝန်ရှိသူများကိုယ်တိုင်သည်လည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက COVID-19 စတင်ပျံ့နှံ့ချိန်က အများပြည်သူကို စောစီးစွာသတိပေးရန်ပျက်ကွက်ခဲ့ပြီး သတင်းအမှောင်ချထားရန် အားထုတ်မှုများဖြင့် စွပ်စွဲခံထားရသည်။ အမေရိကန်နိုင်ငံတော်လုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ယန်ကလည်း ဗိုင်းရပ်စ်စတင်ပေါက်ဖွားရာနေရာသည် တရုတ်နိုင်ငံသာဖြစ်ကြောင်း ဝေဖန်ပြောကြားထားသည်။ တရုတ်အစိုးရသည် ဗိုင်းရပ်စ်အရေးဖုံးဖိထားခဲ့သဖြင့် ကမ္ဘာ့အသိုင်းအဝိုင်းအတွက် တုံ့ပြန်ရန်အချိန်နောက်ကျခဲ့ကြောင်းလည်း အိုဘရိုင်ယန်က ဝေဖန်ခဲ့သည်။

COVID-19 သည် ကမ္ဘာတစ်ဝန်း လူ ၁၃၀၀၀၀ ကျော်သို့ ကူးစက်ကာ ၅၀၀၀ နီးပါး သေဆုံးခဲ့ပြီဖြစ်သည်။

Post a Comment

0 Comments