မြောက်ကိုရီးယား မစ်ဇိုင်းဒုံး ထပ်မံပစ်လွှတ်စမ်းသပ် မြောက်ကိုရီးယားနိုင်ငံက

မြောက်ကိုရီးယား မစ်ဇိုင်းဒုံး ထပ်မံပစ်လွှတ်စမ်းသပ် မြောက်ကိုရီးယားနိုင်ငံက တနင်္ဂနွေနေ့ အစောပိုင်းမှာ မစ်ဇိုင်းဒုံးကျည် ၂ စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကျရောက်နေတဲ့ကြား အခုလို ဒုံးကျည်စမ်းသပ်ခဲ့တာ ဖြစ်သလို ဒုံးကျည်လက်နက် စမ်းသပ်ထုတ်လုပ်နေတာကို ရပ်ဆိုင်းမှာမဟုတ်ကြောင်း ပြသခဲ့တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားတို့ အရှေ့ဘက် ကမ်းရိုးတန်းကနေ ပင်လယ်ပြင်ထဲ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒုံးကျည်တွေကို အရှေ့ဘက်ကမ်းက Wonsan မြို့ကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး အကွာအဝေး ကီလိုမီတာ ၂၃၀၊ အမြင့် ကီလိုမီတာ ၃၀ အထိ ရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒုံးကျည်တွေ ဂျပန်ပိုင်နက်ထဲ မရောက်သလို သီးသန့် စီးပွားရေးဇုန်အတွင်းထဲလည်း မရောက်ခဲ့ကြောင်း ပြောပါတယ်။ ဒီတလတည်း မြောက်ကိုရီးယားတို့ စုစုပေါင်း မစ်ဇိုင်းဒုံးကျည် ၉ စင်းကို ၄ ကြိမ်ခွဲ စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်လို့ တလတာအတွင်း ဒုံးကျည် အများဆုံး စံချိန်တင် ပစ်လွှတ်တာလည်း ဖြစ်ပါတယ်။ ဒီလို ဒုံးကျည် အများဆုံးပစ်လွှတ်တာကို နောက်ဆုံးတွေ့ခဲ့ရတာက မြောက်ကိုရီးယားတို့ရဲ့ ဒုံးကျည်အစီအစဉ် အရှိန်မြင့်တဲ့နှစ်တွေဖြစ်တဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ကြောင်း လက်နက် မပြန့်ပွားရေးဆိုင်ရာ James Martin Center က သုတေသီ Shea Cotto က ပြောပါတယ်။

Post a Comment

0 Comments