ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ရာ ဝူဟန်မြို့မှာ ရထားတွေ ပြန်လည်ပြေးဆွဲ

ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ရာ ဝူဟန်မြို့မှာ ရထားတွေ ပြန်လည်ပြေးဆွဲ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ လပေါင်းများစွာ မြို့အဝင်ထွက်တွေ ပိတ်ထားခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ ဖြည်းဖြည်းချင်း ပြန်ဖွင့်ပေးလာနေပြီး ရထားတွေလည်း ပြန်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို အမြင့်ဆုံးကနေ အလယ်အလတ်အဆင့်ကို ချပေးလိုက်ပါတယ်။ တချိန်တည်းမှာပဲ COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ သေဆုံးသူဦးရေဟာ စနေနေ့ကအထိ ၃ သောင်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတွေမှာတော့ သေဆုံးသူ ၂ ထောင်ကျော် ရှိလာနေပြီး စပိန်နိုင်ငံမှာတော့ စနေနေ့က ၈၃၂ ယောက် သေဆုံးခဲ့ပြီး ဒါဟာ ရောဂါစတင်ဖြစ်ပွားချိန်ကစလို့ စပိန်နိုင်ငံမှာ အများဆုံး သေဆုံးတဲ့နေ့ ဖြစ်ခဲ့ပါတယ်။ အီတလီနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သောင်းကျော် ရှိသွားပြီဖြစ်ပြီး ကမ္ဘာတဝှမ်း သေဆုံးသူ စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံလောက် ရှိလာပါတယ်။ ဂျာမနီနိုင်ငံမှာတော့ ရောဂါကူးစက်ခံသူ ၅ သောင်းကျော်ရှိပြီး သေဆုံးသူ ၃၉၇ ယောက် ရှိပါတယ်။ အခုဆိုရင် ကမ္ဘာတဝှမ်းမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၆ သိန်း ၆ သောင်းကျော်ရှိလာပြီဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာတော့ ရောဂါကူးစက်ခံရသူ ၁၁၅၀၀၀ ကျော်ရှိလာတာကြောင့် ကမ္ဘာပေါ်မှာ ရောဂါကူးစက်ခံရသူ အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ နယူးယောက်ပြည်နယ် တခုတည်းမှာပဲ ရောဂါကူးစက်ခံရသူ ၅ သောင်း ၂ ထောင်ကျော်ရှိပြီး သေဆုံးသူ ၇၀၀ ကျော်ရှိတာကြောင့် နယူးယောက်ဟာ ရောဂါကူးစက်မှု အဆိုးရွားဆုံံးနေရာ ဖြစ်လာနေပါတယ်။

Post a Comment

0 Comments